News

POST TYPE

NEWS

မြန်မာ့ပထမဆုံး နိုင်ငံရေး လေ့လာမှုဆိုင်ရာ မဟာဘွဲ့သင်တန်း မန္တလေးတွင်ဖွင့်မည်
20-Oct-2017 tagged as မန္တလေး


မန္တလေး၊ အောက်တိုဘာ ၁၉

မြန်မာနိုင်ငံတွင် ပထမဆုံးအနေနှင့် နိုင်ငံရေးလေ့လာမှု မဟာဘွဲ့သင်တန်း (Master of Political Studies) ကို မန္တလေးတက္ကသိုလ်၌ ဒီဇင်ဘာ လဆန်းပိုင်းတွင် ဖွင့်လှစ် ပို့ချပေးမည်ဖြစ်ကြောင်း ယင်းတက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေး ပညာဌာနထံမှ သိရသည်။

“ဒီမှာက လက်ရှိပို့ချနေတဲ့ ဒီပလိုမာ သင်တန်းနှစ်ခုပြီးသွားတဲ့ သင်တန်သားတွေအနေနဲ့ ဒီထက်ပိုပြီး နက်နက်ရှိုင်းရှိုင်း သိချင်လာကြတယ်။ ဒါကြောင့် ဒီပလိုမာ တန်းတွေရဲ့ ပေါင်းကူးအနေနဲ့ မဟာဘွဲ့သင်တန်း ဖွင့်ဖို့လုပ်ကြတာပါ။ လက်တွေ့မှာလည်း ဒီပညာရပ်တွေကို တကယ် အသုံးချမယ့်သူတွေအတွက် ရည်ရွယ်ပြီး လုပ်တာဖြစ်ပါတယ်”ဟု အဆိုပါဌာနမှ ပါမောက္ခဒေါက်တာ သီတာထွန်းက ပြောကြားသည်။

အဆိုပါသင်တန်း ဖွင့်လှစ်နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာန၊ မန္တလေး တိုင်းအစိုးရအဖွဲ့တို့ထံသို့ ခွင့်ပြုချက် တောင်းခံခဲ့ပြီး ခွင့်ပြုချက် ချပေးခဲ့သည့်အတွက် ဒီဇင်ဘာလ ၈ ရက်နေ့တွင် စတင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ယင်းသင်တန်းအတွက် သင်တန်း လျှောက်လွှာများကို အောက်တိုဘာလ ၂၃ ရက်နေ့တွင် စတင် ထုတ်ပေးမည်ဖြစ်ပြီး နိုဝင်ဘာလ ၈ ရက်နေ့ကို လျှောက်လွှာ ပိတ်ရက်အဖြစ် သတ်မှတ်ထားကာ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ဝင်ခွင့်စာမေးပွဲ ဖြေဆိုရမည်ဖြစ်သည်။

“ဒီသင်တန်းက ထဲထဲဝင်ဝင် သင်ကြားရမယ့် သင်တန်းဖြစ်တယ်။ ပြီးတော့ ဒီပညာရပ်ကို ဘွဲ့တစ်ခုရရုံပဲဆိုပြီး ရည်ရွယ်ပြီး တက်မယ့်သူတွေအတွက် မဟုတ်တော့ ကန့်သတ်ချက်တွေ ရှိတယ်။ အရေး အကြီးဆုံးက မဟာဘွဲ့ သင်တန်းတက်မှာ ဖြစ်တဲ့အတွက် DIR နှင့် DPS ကိုတော့ သင်တန်းပြီးထားသူ ဖြစ်ရမယ်။ နောက်တစ်ခုက အခြားသင်တန်းတစ်ခုခု တက်နေသူ မဖြစ်ရဘူး”ဟု ဒေါက်တာသီတာထွန်းက ထပ်လောင်း ပြောကြားသည်။

ယင်းသင်တန်းအတွက် သင်ကြားပို့ချမည့် သင်ရိုးညွှန်းတမ်းများ ရေးဆွဲထားပြီးဖြစ်ကာ လျှောက်လွှာများ ရောင်းချခြင်း၊ ဝင်ခွင့်စာမေးပွဲ ဖြေဆိုခြင်းများအတွက် ပညာရေးဝန်ကြီးဌာနထံ ခွင့်ပြုချက် တင်ထားပြီးဖြစ်ကာ သင်တန်းသား ၃၀ ဦးမှ ၅၀ ဦးအထိသာ လက်ခံသွားမည်ဖြစ်ကြောင်းလည်း နိုင်ငံတကာ ဆက်ဆံရေး ပညာဌာနထံမှ ထပ်မံသိရသည်။

ယင်းသင်တန်းကို သောကြာ၊ စနေ နှင့် တနင်္ဂနွေနေ့များတွင် ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး သင်တန်းကာလမှာ ၂ နှစ်ကြာမြင့်မည် ဖြစ်သည်။

လက်ရှိတွင် မန္တလေးတက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေးပညာဌာနက  Diploma in International Relations သင်တန်း ငါးကြိမ်နှင့် Diploma in Political Sciences သင်တန်းသုံးကြိမ် ဖွင့်လှစ်ပြီးပြီဖြစ်သည်။ 

M-04