News

POST TYPE

NEWS

နှစ်ပေါင်းရာကျော်သက်တမ်းရှိ ရတနာဘုံမြင့်ကျောင်း ပြုပြင်ထိန်းသိမ်းမှု လာမည့်ဘဏ္ဍာနှစ်တွင် စမည်

မော်လမြိုင်၊ အောက်တိုဘာ ၁၉

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ တောင်ရိုးတန်းပေါ်ရှိ နှစ်ပေါင်း ၁၂၀ ကျော် သက်တမ်းရှိသည့် ရတနာဘုံမြင့် ဘုန်းကြီးကျောင်း ပြုပြင်ထိန်းသိမ်းမည့် အစီအစဉ်ကို လာမည့်ဘဏ္ဍာနှစ်တွင် စတင်မည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။

ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန (မော်လမြိုင်ဌာနခွဲ)၏ ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်အရ အဆိုပါကျောင်းသည် နှစ်ပေါင်း ၁၂၀ ကျော် သက်တမ်းရှိသည့် ကျောင်းဖြစ်ပြီး ပြုပြင်ထိန်းသိမ်းမှု အားနည်းခဲ့သည့်အတွက် လက်ရှိတွင် ပျက်စီးမှုရှိနေသည်။ 

“အခု လာမယ့်ဘတ်ဂျက်မှာ ထည့်ထားတယ်”ဟု ပြည်နယ်ဝန်ကြီချုပ် ဒေါက်တာအေးဇံက ပြောသည်။

ရှေးဟောင်း သုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန၏ ဇွန်လ ၂၁၊ ၂၂ ရက် ကွင်းဆင်း စစ်ဆေးထားချက်အရ ခေါင်မိုး၊ ကြမ်းခင်းနှင့် မျက်နှာကြက်တို့သည် ပျက်စီးမှု အများဆုံးဖြစ်ပြီး အင်္ဂတေ ကွာကျပြီး ဆေးရည်ပျက်ပြယ်နေသည်ကို တွေ့ရှိရသည်ဟု ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန (မော်လမြိုင်ဌာနခွဲ) မှ ဒု- ညွှန်ကြားရေးမှူး ဦးအောင်နိုင်မိုးက ပြောသည်။

ပြန်လည် ပြုပြင်ရာတွင်လည်း ရှေးဟောင်းလက်ရာမူ မပျက်စီးအောင် ပြုပြင်သွားမည်ဖြစ်ကြောင်း အထက်ပါ ဒု- ညွှန်ကြားရေးမှူးက ပြောသည်။

ရှေးဟောင်းအနုပညာ ပန်းပုလက်ရာများဖြင့် ပြည့်နှက်နေပြီး တံခါးပေါက် ၂၈ ခု၊ ပြတင်းပေါက် ၄၀ ခုရှိကာ ကျောင်းပေါ်တက်ရန် လှေကား ၃ ခုရှိသည့် ရတနာဘုံမြင့်ကျောင်းကို လက်ရှိအချိန်ထိ ကျောင်းထိုင် ဆရာတော်ကသာ တစ်နိုင်တစ်ပိုင် ထိန်းသိမ်းနေသည်။

မော်လမြိုင်တွင် ရတနာဘုံမြင့် ကျောင်းကဲ့သို့ ကိုလိုနီခေတ် အဆောက်အအုံများ ကိုလိုနီခေတ်ထက်စောသည့် ရှေးဟောင်း အဆောက်အအုံ အများအပြား ရှိသည်။

အများစုသည် ဘုန်းကြီးကျောင်း၊ အစိုးရပိုင် အဆောက်အအုံ၊ ခရစ်ယာန် ဘုရားကျောင်း၊ စာသင်ကျောင်းများဖြစ်ကာ လက်ရှိ ပိုင်ဆိုင်သူတို့ကသာ ပြုပြင် ထိန်းသိမ်းထားကြသည်။

ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန (မော်လမြိုင်ဌာနခွဲ) က ကောက်ခံထားသည့် စာရင်းများအရ မော်လမြိုင်မြို့နယ် ဦးနာအောက် ဘုရားဝင်းအတွင်းမှာ ရှေးဟောင်း အဆောက်အအုံ ၉ ခု၊ မော်လမြိုင် မြို့ပေါ်တွင် ခရစ်ယာန် ဘုရားရှိခိုးကျောင်းနှင့် ဗလီကျောင်း ၆ ကျောင်း၊ ဘုန်းကြီးကျောင်း ၂၃ ကျောင်း၊ စာသင်ကျောင်း ၆ ကျောင်းနှင့် အစိုးရ အဆောက်အအုံများ ၁၀ ခု စုစုပေါင်း ၅၄ ခုရှိပြီး အဆိုပါ အဆောက်အအုံများသည် နှစ်ပေါင်း ၁၀ဝ ကျော် သက်တမ်းရှိ အဆောက်အအုံများ ဖြစ်သည်။

Dawei Watch