News

POST TYPE

NEWS

တိရစ္ဆာန် ၁၂ မျိုးကို နိုင်ငံတော်အဆင့် စာရင်း ကောက်မည်
နေပြည်တော်၊ အောက်တိုဘာ

မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် မှန်ကန်သည့် ကိန်းဂဏန်းများ ရရှိရေးအတွက် ကြက်၊ ဆိတ် အပါအဝင် တိရစ္ဆာန် ၁၂ မျိုးကို မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက စာရင်း ကောက်ယူမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဒေါက်တာခင်ဇော်က ပြောကြားသည်။

နေပြည်တော်တွင် ကျင်းပသည့် တိရစ္ဆာန်စာရင်း ကောက်ယူရေး ဗဟို ကော်မတီ ပထမအကြိမ် အစည်းအဝေးတွင် ပြောကြားသွားခြင်းဖြစ်ပြီး နိုင်ငံတော်အဆင့် စာရင်း ကောက်ယူရေးကို ၂၀၁၈ ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်အတွင်း အပြီး ကောက်ယူမည်ဟု မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ စုံစမ်း သိရှိရသည်။ 

မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနအနေနှင့် ၁၉၉၄ ခုနှစ်မှ ယနေအထိ တိရစ္ဆာန်စာရင်းကို မြေပြင်တွင် ကောက်ယူခြင်း မရှိဘဲ့ စာရင်းကိန်းဂဏန်း တွက်ချက်နည်းဖြင့်သာ ကောက်ယူစာရင်းပြုစု မှတ်တမ်းတင်ခဲ့ရာ ယခုအခါ မြန်မာနိုင်ငံရှိ တိရစ္ဆာန် ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်း ထုတ်လုပ်မှု စာရင်းဇယားများကို အတည်ပြု ထုတ်ပြန်ရန် ကောက်ယူမှာဖြစ်သည်ဟု ဒေါက်တာခင်ဇော်က ပြောကြားသည်။

ယင်းသို့ စာရင်းကောက်ယူခြင်းဖြင့် စီးပွားရေးအရ အရေးကြီးသော တိရစ္ဆာန်ကောင်ရေစာရင်း အတိအကျ ရရှိမည်ဖြစ်ပြီး ကောက်ယူ ရရှိလာသည့် တိရစ္ဆာန်ကောင်ရေ စာရင်းအပေါ် အခြေခံပြီး တိရစ္ဆာန် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းစီမံချက်များကို ရေးဆွဲ အကောင်အထည်ဖော်မည်ဟု အမြဲတမ်း အတွင်းဝန်က ဆိုသည်။

တိရစ္ဆာန်ကောင်ရေ စာရင်း ကောက်ယူရေး ကြိုတင်ပြင်ဆင်မှု လုပ်ငန်းကို မန္တလေးတိုင်းနှင့် မကွေးတိုင်းတို့တွင် ရှေ့ပြေးစာရင်းများ ကောက်ယူပြီး ရရှိလာသော အတွေ့အကြုံများကို ပညာရှင်များ အကြံပြုချက်ပေါ် မူတည်ပြီး နိုင်ငံတော်အဆင့် စာရင်း ကောက်ယူသွားမည်ဟု မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ပြောကြားသည်။

“ဒီတိုင်းပြည်မှာ စက်ကိရိယာတွေက သိပ်မသုံးနိုင်သေးဘူး ကျွဲ၊ နွား လိုအပ်ချက်ရှိနေတာ အမှန်ပဲ၊ ဒါတွေကို ခိုင်းနိုင်သည့် အခြေအနေ၊ အသား ထုတ်လုပ်မှု အခြေအနေ၊ ပြည်တွင်းဈေးကွက်ကို ဖြည့်ပေးနိုင်သည့် အနေအထားတွေကို စာရင်း လုပ်ထားရမှာ၊ ဒါမှ လာရင်းနှီမြှုပ်နှံသူက အလွယ်တကူ သိနိုင်မည်”ဟု စာရင်းအင်း ပညာရှင် ဦးဝင့်တင်ဦးက ဆိုသည်။

T.L