News

POST TYPE

NEWS

ကုန်တင်ကုန်ချကားဝင်း တည်ဆောက်ပေးရန် တင်ပြ
19-Oct-2017 tagged as တောင်ငူ

တောင်ငူ၊ အောက်တိုဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်း ကုန်တင်ယာဉ်ကြီးများကို ဝင်ထွက်ခွင့် ကန့်သတ်ခဲ့သည့်အတွက် ကုန်တင်ကုန်ချ ကားဝင်းတစ်ခု တည်ဆောက်ပေးရန် လယ်ယာမြေနှင့် အခြား မြေယာများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေး ကော်မတီထံ တင်ပြထားကြောင်း တောင်ငူမြို့ခံ၊ ကုန်တင်ယာဉ် လုပ်ငန်းရှင်များထံမှ စုံစမ်း သိရှိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၆ ရက်နေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးထံသို့လည်း စာတင်ပြထားပြီး နှစ်ပတ်အတွင်း အကြောင်းပြန်မယ်ဟု သိရကြောင်း တောင်ငူမြို့ခံ ကုန်တင်ကားကြီး လုပ်ငန်းရှင် ဦးစိုးလွင်(ခ) အုန်းသီး က ပြောကြားသည်။ 

“ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော် တင်ပြတိုင်ကြားနေတာ ဌာနပေါင်းစုံနဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံပါ စုံနေပြီ။ တစ်ခါပဲ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌက ပြန်ကြားစာ ရောက်ဖူးတယ်”ဟု ၎င်းက ဆိုသည်။

နိုဝင်ဘာလ ၁ ရက်နေ့မှစတင်၍ တောင်ငူမြို့၊ လူစည်ကားရာ ရပ်ကွက်အချို့ရှိ လမ်းမကြီးများတွင် ကုန်တင်ကုန်ချ လုပ်ခြင်း၊ မီနီဘတ်စ် မော်တော်ယာဉ်များ လူတင်လူချခြင်းတို့သည် လမ်းပိတ်ဆို့စေသည်ဟုဆိုကာ ကုန်တင်ကားများ ဝင်ထွက် ရပ်နားခွင့်ကို အုပ်ချုပ်ရေးအဖွဲ့က ကန့်သတ်လိုက်ပြီး လိုက်နာခြင်း မရှိပါက အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

တောင်ငူမြို့နယ်အတွင်းရှိ လမ်းမကြီးများပေါ်တွင် မော်တော်ယာဉ်များ စည်းကမ်းမဲ့ ယာဉ်ရပ်နားမှုကြောင့် လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်နေသည့်အတွက် တောင်ငူမြို့တွင်း ကျုံးဧရိယာများအတွင်း ခရီးသည်ကားနှင့် ကုန်တင်ယာဉ်ကြီးများကို ဝင်ထွက်ခွင့် ရပ်နားခွင့်ကို ကန့်သတ်လိုက်ခြင်းဖြစ်ပြီး ယခုလအတွင်း အသိပညာပေး ဆောင်ရွက်မည်ဖြစ်ကြောင်း တောင်ငူမြို့နယ်၊ ယာဉ်စည်းကမ်းလမ်း စည်းကမ်းထိန်းသိမ်းရေး ကော်မတီဝင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမခက ပြောကြားသည်။

ယင်းကဲ့သို့ ကုန်တင်ယာဉ်ကြီးများအနေဖြင့် ယာဉ်များ ဝင်ထွက်ရပ်နားရန်နှင့် ကုန်တင်ကုန်ချပြုလုပ်ရန် ကုန်တင်ယာဉ်ဝင်း မရှိသည့်အတွက် ဝင်ထွက်သွားလာနေရခြင်းဖြစ်ပြီး တောင်ငူမြို့၊ မြောက်ဘက်အထွက်ရှိ ကုမ္ပဏီတစ်ခုကို ချထားပေးသည့် စားကျက်မြေ ၁၅၇ ဧကကို စီမံကိန်း အကောင်အထည်ဖော်ခြင်း မရှိသည့်အတွက် ပြန်လည် သိမ်းယူကာ ကုန်တင်ကုန်ချ ကားဂိတ်နှင့် ယာဉ်ရပ်နားစခန်းတစ်ခု ဖွင့်လှစ်ပေးရန် တင်ပြတောင်းဆိုနေခြင်းဖြစ်ကြောင်း တောင်ငူမြို့ခံ ကုန်တင်ကား ပိုင်ရှင်တစ်ဦးက ပြောဆိုသည်။

“ကုန်တင်ကုန်ချ လုပ်ငန်းရှင်တွေချည်း ဒီကိစ္စကို တောင်းဆိုနေတာ မဟုတ်ဘူး။ လူမှုရေးအသင်းအဖွဲ့တွေကလည်း လက်မှတ်ရေးထိုး တောင်းဆိုနေကြတာပါ။ ဖြေရှင်းမပေးရင်တော့ ကားသမားတွေ ကားပိုင်ရှင်တွေ လမ်းပေါ်ထွက်သင့် ထွက်ရမယ်”ဟု ၎င်းက ဆိုသည်။ 

အဆိုပါ ကုန်တင်ကုန်ချ ကားကြီးဝင်း တည်ဆောက်မည့်ကိစ္စနှင့် ပတ်သက်ပြီး တောင်ငူမြို့ခံ၊ ကုန်တင်ကားကြီး လုပ်ငန်းရှင်များက တင်ပြတောင်းဆိုမှုနှင့် ပတ်သက်၍ တင်ပြစာ လက်ခံထားသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်ထံ ဆက်သွယ် မေးမြန်းသော်လည်း လက်ခံဖြေကြားခဲ့ခြင်း မရှိခဲ့ပေ။

R-15