News

POST TYPE

NEWS

ကက်တလုံးနီးယား လွတ်လပ်ရေးကိစ္စ အဆုံးသတ်ရန် စပိန်အစိုးရက ပေးသည့်ရာဇသံ ကုန်ဆုံးချိန် ရောက်၊ ဆန္ဒပြမှုများ ပြင်းထန်
19-Oct-2017 tagged as စပိန်


မက်ဒရစ်၊ အောက်တိုဘာ ၁၉

ကက်တလုံးနီးယားပြည်နယ် လွတ်လပ်ရေးကိစ္စကို စွန့်လွှတ်ရန် စပိန်ဗဟို အစိုးရက သတ်မှတ်ချိန်ပေးကာ ရာဇသံ ထုတ်ပြန်ထားပြီး အကယ်၍ စွန့်လွှတ်ခြင်း မရှိပါက ယင်းပြည်နယ်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရပ်ဆိုင်းပစ်မည်ဟု သတိပေးထားကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

ကက်တလုံးနီးယား ခေါင်းဆောင်  ချားလ်စ်ပူဒီမောင့်အနေနှင့် ကြာသပတေးနေ့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီ နောက်ဆုံးထားပြီး ပြည်နယ် ခွဲထွက်ခွင့်ကိစ္စကို  စွန့်လွှတ်ရန် စပိန်အစိုးရက ရာဇသံပေး ပို့ထားသည်။

အောက်တိုဘာလ ၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ခွဲထွက်ရေးဆိုင်ရာ လူထုဆန္ဒ ခံယူပွဲပြီးဆုံးခဲ့ပြီးနောက် ချားလ်စ် ပူဒီမောင့်က လွတ်လပ်ရေး ကြေညာချက် တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့သည်။ သို့သော် ယင်းကြေညာချက်ကို ပူဒီမောင့်က ချက်ချင်း ရပ်ဆိုင်းပစ်ခဲ့ပြီး စပိန်ဗဟို အစိုးရနှင့် နိုင်ငံရေး စေ့စပ်ညှိနှိုင်းမှု ပြုလုပ်ရန် တောင်းဆိုခဲ့သည်။ 

အကယ်၍ မက်ဒရစ် (စပိန်ဗဟိုအစိုးရ) ကသာ ကက်တလုံးနီးယားပြည်နယ်ကို တိုက်ရိုက် အုပ်ချုပ်လာမည်ဆိုပါက လွတ်လပ်ရေးကိစ္စကို ဆက်လက် အကောင်အထည်ဖော်မည်ဟု ပူဒီမောင့်က စီစဉ်ထားကြောင်း စပိန်မီဒီယာများက ဖော်ပြသည်။ 

ထိုသို့ တစ်ဖက်နှင့်တစ်ဖက် လိပ်ခဲတည်းလည်း အခြေအနေကြောင့် ကက်တလုံးနီးယားပြည်နယ်တွင် မငြိမ်မသက်မှုများ ပေါ်ထွက်လာဖွယ်ရှိသည်။ 

၁၉၇၈ ခုနှစ်က ရေးဆွဲခဲ့သော စပိန် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၅၅ အရ နိုင်ငံရေး အကျပ်အတည်း ဖြစ်လာမည်ဆိုပါက စပိန်ဗဟို အစိုးရအနေနှင့် ကက်တလုံးနီးယား ပြည်နယ်ကို တိုက်ရိုက် အုပ်ချုပ်ခွင့်ရှိထားသည်။

လက်ရှိအနေအထားတွင် ကက်တလုံးနီးယား လွတ်လပ်ရေး လူထုဆန္ဒ ခံယူပွဲဖြစ်မြောက်အောင် စည်းရုံး အကောင်အထည် ဖော်ခဲ့သည့် ကက်တလန် ခေါင်းဆောင်နှစ်ဦးကို စပိန်အာဏာပိုင်များက နိုင်ငံတော်ပုန်ကန်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းထားရာ ကက်တလုံးနီးယား ပြည်နယ်မြို့များတွင် ဆန္ဒပြမှုများ အဆက်မပြတ် ပေါ်ထွက်လျက်ရှိသည်။ 

စပိန်အစိုးရက ပေးထားသာ ရာဇသံ အချိန်မစေ့မီ ဆန္ဒပြမှုများ ပိုမိုပြင်းထန်လာကြောင်း စပိန်မီဒီယာများက ဖော်ပြကြသည်။
 
မက်ဒရစ်တွင်လည်း လွတ်လပ်ရေးဆိုင်ရာ လူထုဆန္ဒခံယူပွဲ စတင် ပေါ်ပေါက်ခဲ့သည့် အချိန်ကတည်းက စပိန်နိုင်ငံရေး သမားများအကြား သဘောထား ကွဲလွဲမှုများ ပေါ်ပေါက်လျက်ရှိသည်။ မက်ဒရစ် အခြေစိုက် ကက်တလန် လူမျိုးနိုင်ငံရေးသမားများက စပိန်အစိုးရက တရားမဝင်သော ဖြစ်စဉ်အဖြစ် သတ်မှတ်ထားသည့်  လွတ်လပ်ရေးကိစ္စကို ထောက်ခံခဲ့ကြသည်။ 

စပိန်ဝန်ကြီးချုပ် မာရီနိုရာဂျွိုင်းကမူ ကက်တလန် ခေါင်းဆောင် ချားလ်စ်ပူဒီ မောင့်အနေနှင့် လွတ်လပ်ရေးကိစ္စနှင့် ပတ်သက်၍ တိကျ ပြတ်သားသည့် အဖြေပေးရန် တိုက်တွန်းထားသည်။

F-01