News

POST TYPE

NEWS

ပုသိမ်တွင် LED မီးလုံး သန်း ၇၀ ဖြင့် မီးအလှပွဲတော် ကျင်းပမည်
ပုသိမ်၊ အောက်တိုဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် ၃ ရပ်ကွက်ရှိ ကန်သုံးဆင့် Royal Lake Amusement Park ပန်းဥယျာဉ်တွင် LED မီးလုံးပေါင်း သန်း ၇၀ ကို အသုံးပြု၍ မီးအလှပွဲတော်ကို လာမည့် နိုဝင်ဘာလ ၁ ရက်နေ့မှ ဇန်နဝါရီလ ၁ ရက်နေ့အထိ နှစ်လကြာ ခင်းကျင်းပြသမည်ဖြစ်ကြောင်း ယင်းပွဲတော်ကျင်းပရေး စီစဉ်သူများထံမှ သိရသည်။

ယခင်ကသီတင်းကျွတ်ပွဲတော် ကာလအတွင်းမှစ၍ တစ်လကြာ ခင်းကျင်းပြသရန် ရည်ရွယ်ထားသော်လည်း မိုး အဆက်မပြတ်ခြင်းကြောင့် ကျင်းပမည့်ရက်ကို ရွှေ့ပြောင်းခဲ့ရကြောင်း၊ ဝင်ကြေးကို ကျပ် ၁၅၀ဝ သတ်မှတ်ထားကာ LED မီးလုံးသန်း ၇၀ ဖြင့် ဒီဇိုင်းပေါင်း ၄၇ ခုကို ထုတ်လုပ်ထားပြီး အရုပ်ပေါင်း ၇၅ ခုကို ဖန်တီးပြုလုပ်ထားကြောင်း ယင်းပွဲတော် ကျင်းပစီစဉ်သူ Royal Lake  Amusement Park ပန်းယျာဉ်၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးအောင်က ပြောကြားသည်။

ပုသိမ်မြို့၏ ရိုးရာ သင်္ကေတများ၊ မြန်မာရိုးရာ ယဉ်ကျေးမှု သင်္ကေတများအပြင် နိုင်ငံတကာတွင် ထင်ရှားသည့် သင်္ကေတများကိုလည်း LED မီးသီးများနှင့် ဖန်းတီးထားကာ အရွယ်သုံးပါး ဗဟုသုတ ရရှိခံစားနိုင်ရန် စီစဉ်ထားပြီး ပုသိမ်မြို့ ဘိုးဘွားရိပ်သာမှ အဘိုးအဘွားများနှင့် ပရဟိတဂေဟာမှ ကလေးများကိုလည်း ကားဖြင့် အခမဲ့ ကြိုပို့ပေးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။

LED မီးလုံးများ အသုံးပြု၍ ဒီဇိုင်း အမျိုးမျိုးဖြင့် ခင်းကျင်းပြသသော မီးအလှပွဲတော် (Myanmar LED Beautiful Festival) ကို ၂၀၁၆ ခုနှစ်က ရန်ကုန်မြို့တွင် စတင် ကျင်းပခဲ့ကာ ပြီးခဲ့သော စက်တင်ဘာလ ၂၉ ရက်နေ့ကလည်း မုံရွာမြို့တွင် ကျင်းပခဲ့ကာ လာရောက်လည်ပတ် လေ့လာကြည့်ရှုသူ အများအပြား ရှိခဲ့ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။

R-12