News

POST TYPE

NEWS

လွတ်လပ်ရေးထုတ်ပြန်မှု ရှုတ်ချရန် စပိန်တောင်းဆိုမှု ကတ်တလုံးနီးယား လက်မခံ
19-Oct-2017 tagged as စပိန်


ဘာစီလိုနာ၊ အောက်တိုဘာ ၁၈

အပေါ်ယံသဘော လွတ်လပ်ရေး ထုတ်ပြန်ထားမှု ရှုတ်ချရန် စပိန်အစိုးရအဖွဲ့၏ တောင်းဆိုချက်ကို ကတ်တလုံးနီးယားက လက်မခံကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ကြာသပတေးနေ့ နောက်ဆုံးထားပြီး လွတ်လပ်ရေးကို စွန့်လွှတ်ကြောင်း ထုတ်ပြန်ခြင်း မရှိပါက တိုင်းပြည်စီးပွားရေး ငါးပုံ တစ်ပုံကို ထုတ်လုပ်ပေးနေသည့် ကတ်တလိုးနီးယားဒေသကို တိုက်ရိုက် အုပ်ချုပ်မှုအောက် ထားရှိမည်ဟု စပိန်အစိုးရက ခြိမ်းခြောက်ထားသည်။

သို့သော်လည်း စပိန်ဝန်ကြီးချုပ် မာရီယာနိုရာဂျိုင်း၏ တောင်းဆိုချက်ကို ကတ်တလုံးနီးယား အစိုးရအဖွဲ့က လက်ခံခြင်းမရှိပေ။

“တနင်္လာနေ့မှာ ပေးခဲ့တဲ့အရာနဲ့ မတူတဲ့ဟာတွေကို ကြာသပတေးနေ့မှာလည်း ပေးမှာမဟုတ်ပါဘူး”ဟု ကတ်တလုံးနီးယားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဂျော်ဒီပူရာက ပြောကြားသွားသည်။

ထို့ပြင် ကတ်တလိုးနီးယား ခွဲထွက်ရေးအုပ်စုနှစ်ခုမှ ခေါင်းဆောင်များကို ဆူပူအောင် လှုံ့ဆော်မှုဖြင့် မက်ဒရစ် တရားရုံးချုပ်က တနင်္လာနေ့ ညတွင် ထိန်းသိမ်းလိုက်သဖြင့် နိုင်ငံရေး အကျပ်အတည်း ပိုမိုဆိုးရွားသွားသည်။

ယင်းကဲ့သို့ လုပ်ဆောင်မှုသည် နိုင်ငံရေး အကျဉ်းသား ထိန်းသိမ်းမှုဖြစ်သည်ဟု ကတ်တလုံးနီးယား အစိုးရက စွပ်စွဲလိုက်ပြီး ဘာစီလိုနာမြို့ ဒိုင်ယာဂိုနယ်လမ်းမကြီးပေါ်တွင် သောင်းနှင့်ချီသည့် ဆန္ဒပြသမားများ စုဝေးကာ ခွဲထွက်ရေး ခေါင်းဆောင်များ ပြန်လွှတ်ပေးရန် တောင်းဆိုလိုက်သည်။

“၂၁ ရာစုတွင်းမှာ ဒီမိုကရက်တစ်နိုင်ငံတစ်ခုမှာ နိုင်ငံရေးအကျဉ်းသား မရှိသင့်တော့ပါဘူး။ ဒီနိုင်ငံက ဒီမိုကရေစီ နိုင်ငံမဟုတ်ဘူး။ ဒီမိုကရေစီကို အားပေးဖို့ ကျွန်တော် ရောက်နေတာပါ” ဟု ဘာစီလိုနာမြို့မှ အသက် ၂၆ နှစ်အရွယ် ကွန်ပျူတာ ပရိုဂရမ်မာ အလီစီယာကာဘရီဇာက ပြောကြားသွားသည်။

ထို့ပြင် နိုင်ငံရေး အကျဉ်းသားတွေ ထပ်ရှိလာရပြန်ပြီဟု ကတ်တလုံးနီးယား ခေါင်းဆောင် ကားလတ်ပူဒီမောင့်က တွစ်တာတွင် ရေးသားလိုက်သည်။

ယင်းကဲ့သို့သော အသုံးအနှုန်းသည် စပိန်ဖက်ဆစ်နှင့် စစ်အာဏာရှင် ဖရန်စစ်ဖရန်ကိုကို ရည်ညွန်းသည့် အသုံးဖြစ်သဖြင့် ဖက်ဆစ်စနစ်ဒဏ်ကို ခံစားခဲ့ရသည့် စပိန်များတွင် စိတ်ခံစားမှုပြန်လည် ပေါ်ထွက်လာစေနိုင်သည့် အသုံးအနှုန်းဖြစ်သည်။

F-05