News

POST TYPE

NEWS

ဆယ်စုနှစ်တစ်ခုအတွင်း နှစ်ကြိမ်သာပြုလုပ်သည့် တရုတ်ကွန်မြူနစ်ပါတီကွန်ဂရက် စတင်၊ ခေတ်မီသည့် ဆိုရှယ်လစ်နိုင်ငံတော်ထူထောင်မည်ဟု ရှီကျင့်ဖျင်ကတိပြု
18-Oct-2017 tagged as


ဘေဂျင်း၊ အောက်တိုဘာ ၁၈

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကြီးမားဆုံး နိုင်ငံရေးပွဲအဖြစ် သတ်မှတ်ခံရသော ကွန်မြူနစ်ပါတီ ကွန်ဂရက်ကို ဗုဒ္ဓဟူးနေ့က စတင်ဖွင့်လှစ်လိုက်ပြီး ဖွင့်ပွဲတွင် သမ္မတ ရှီကျင့်ဖျင်က ခေတ်သစ်တစ်ခုအတွက် ခေတ်မီသော ဆိုရှယ်လစ်နိုင်ငံတော်တစ်ရပ် ထူထောင်မည်ဟု ကတိကဝတ်ပြု ပြောကြားလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ 

ဖွင့်ပွဲမိန့်ခွန်းပြောကြားရာတွင်  သမ္မတရှီကျင့်ဖျင်က ပို၍ကြွယ်ဝချမ်းသာသော တရုတ်ပြည် ပေါ်ထွန်းရေးနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအကြား တရုတ်နိုင်ငံ၏ ရပ်တည်မှုနှင့်ပတ်သက်၍ ယုံကြည်ခိုင်မာမှုရှိကြောင်း ပြောကြားပြီး အဂတိ လိုက်စားမှု၊ စက်မှုလုပ်ငန်းများ အဆမတန် မနိုင်ဝန်ထမ်းရမှု၊ ဝင်ငွေ မညီမျှမှုနှင့် လေထု ညစ်ညမ်းမှုများကို တိုက်ဖျက်ရန် အရေးကြီးသည်ဟုလည်း ဆိုသည်။ 

တရုတ်နိုင်ငံအတွက် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရန် အစီအစဉ် မရှိသေးသည်ကို ရှင်းရှင်းလင်းလင်းဖြစ်အောင် သမ္မတရှီကျင့်ဖျင်က အသိပေး ပြောဆိုသည်။ သို့သော် တရုတ်ပြည်၏ ဖွံ့ဖြိုးမှုသည် ခေတ်ကာလသစ်တစ်ခုထဲသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ထောက်ပြပြောဆိုသည်။ 

ရှီကျင့်ဖျင်သည် သုံးနာရီခွဲနီးပါး ကြာမြင့်သည့် မိန့်ခွန်းပြောဆိုရာ၌ ခေတ်သစ်တစ်ခု ဟူသည့် အသုံးအနှုန်းကို ၃၆ ကြိမ်တိတိ ထည့်သွင်းပြောဆိုသွားသည်။ 

“ဆယ်စုနှစ်ပေါင်း များစွာ ပင်ပင်ပန်းပန်း လုပ်ခိုင်းထားခဲ့တဲ့အတွက် တရုတ်နည်း တရုတ်ဟန် ဆိုရှယ်လစ်စနစ်သည် ခေတ်သစ်တစ်ခုထဲကို ဝင်ရောက်နေပြီ ဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။ 

အသက် ၆၄ နှစ်အရွယ်ရှိ ရှီကျင့်ဖျင်သည် မော်စီတုန်းခေတ်နောက်ပိုင်း တရုတ်ပြည်တွင် ဩဇာအာဏာ အကြီးမားဆုံး ခေါင်းဆောင်အဖြစ် သတ်မှတ်ခံရသည်။ အဆိုပါ ကွန်မြူနစ်ပါတီကွန်ဂရက်ကို ဘေဂျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီးအတွင်း ကျင်းပခြင်းဖြစ်ပြီး ယင်းကွန်ဂရက်သို့ ကိုယ်စားလှယ်တော် ၂၀ဝ၀ ကျော် တက်ရောက်ခဲ့သည်။ 

အဆိုပါ ကွန်ဂရက်ကြီးကို တစ်ပတ်တိတိ ကျင်းပမည်ဖြစ်ပြီး အများစုမှာ တံခါးပိတ် ဆွေးနွေးပွဲများဖြစ်သည်။ 

ယင်းကွန်ဂရက်တွင် တရုတ်ပြည်ရှိ ပြည်သူ ၁ ဒသမ ၄ ဘီလီယံကို နောင်ငါးနှစ်တာ အုပ်ချုပ်မည့် ပေါလစ်ဗြူရို ကော်မတီသစ် တစ်ရပ်ကိုလည်း ဖွဲ့စည်းမည် ဖြစ်သည်။ 

စီးပွားရေးနှင့်ပတ်သက်၍ ပြောကြားရာတွင် တရုတ်နိုင်ငံအနေနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် ဈေးကွက်ကို ဖြေလျှော့ပေးမည်ဖြစ်ကြောင်း၊ ဝန်ဆောင်မှုကဏ္ဍများ ကြီးမားလာရေး၊ ဈေးကွက် ဗဟိုပြုသော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရေး စသည်တို့ လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောကြားသည်။ သို့သော် တစ်ဖက်တွင် နိုင်ငံပိုင်လုပ်ငန်းကြီးများ အင်အားကောင်းမွန်လာရေးအတွက်လည်း လုပ်ဆောင်သွားမည်ဟု ဆိုသည်။

E-01

  • TAGS