News

POST TYPE

NEWS

ကထိန်အတွက် အလှူခံရာမှ ဓားထိုးမှုဖြစ်
ရန်ကုန်၊ အောက်တိုဘာ ၁၈

ကြည့်မြင်တိုင်မြို့နယ်ရှိ စံပြငါးဈေးတွင် အောက်တိုဘာလ ၁၇ ရက် နံနက်ပိုင်းက ကထိန်အတွက် အလှူခံနေသည့် အမျိုးသားတစ်ဦး၏ရင်အုံကို အခြားအမျိုးသားတစ်ဦးက ဓားမြှောင်ဖြင့် နှစ်ချက် ဆင့်ထိုးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဓားထိုးခံရသူ အသက် ၃၃ နှစ် ငါးခြစ်လုပ်သား အမျိုးသားမှာ ကထိန်အတွက် ငါးဈေးအတွင်း လှည့်လည်၍ အလှူခံနေစဉ် ၎င်းနှင့် စကားများ ရန်ဖြစ်ဖူးသည့် ငါးလှည်း ဆွဲအလုပ်သမား မှဲ့ကြီး(ခ) ခင်ထွန်းနှင့် တွေ့ဆုံခဲ့ရာမှ ဓားဖြင့် ထိုးခံရခြင်းဖြစ်ကြောင်း အမှုဖွင့် တိုင်ကြားချက်အရ သိရသည်။

“နှစ်ယောက်လုံးက အေးရွာမှာ နေသူတွေ။ ရန်ငြိုး ရန်စ ရှိတာကြောင့် ဓားနဲ့ထိုးသွားတာ။ တရားခံကို ဖမ်းမိထားတယ်”ဟု ရဲအရာရှိက ပြောသည်။

ဘယ်ညာရင်အုံနှစ်ဖက် ဓားထိုးခံရသူကို ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာ (စိုးရိမ်ရ)အဖြစ် တင်ပို့ထားပြီး နာကျင်ဒဏ်ရာ ရရှိအောင် ပြုလုပ်ခဲ့သည့် မှဲ့ကြီး(ခ) ခင်ထွန်းကို ကြည့်မြင်တိုင် မြို့မရဲစခန်းက (ပ) ၃၇၇/ ၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03