News

POST TYPE

NEWS

မော်လမြိုင် သံလွင်ငါးဈေး ပြောင်းရွှေ့ရန် ထပ်စီစဉ်

မော်လမြိုင်၊ အောက်တိုဘာ ၁၈

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ဘိုကုန်းရပ်ကွက် အောက်လမ်းမကြီးရှိ သံလွင်ငါးဈေးကို ရပ်ကွက်နေ ပြည်သူလူထုတို့၏ ဆန္ဒအတိုင်း နေရာပြောင်းရွှေ့ရန် ပြည်နယ်အစိုးရက စီစဉ်လျက်ရှိသည်ဟု ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

ကနဦးက အဆိုပါ ငါးဈေးကို ကျောက်တန်းစက်ရုံစုမြေသို့ ပြောင်းရွှေ့ရန် စီစဉ်ထားသော်လည်း မြေနေရာ အရှုပ်အရှင်း ရှိနေသောကြောင့်ဟုဆိုကာ မပြောင်းရွှေ့ဘဲ လက်ရှိဈေးကို အဆင့်မြှင့်တင်ရန် စီစဉ်ခဲ့သည်။

သို့သော် ရပ်ကွက်နေပြည်သူများက ပြောင်းရွှေ့စေလိုပြီး ယင်းဈေးသည် ရပ်ကွက်အတွင်း ထားရန် မသင့်တော်သည့်အတွက် အခြားတစ်နေရာ ဖြစ်သည့် မုပွန်ရပ်ကွက် ကျောက်မီးသွေးရုံနေရာရှိ မီးရထားဌာနပိုင် မြေနေရာသို့ ပြောင်းရွှေ့ရန် စီစဉ်ခြင်းဖြစ်သည်။

“မြေနေရာရရှိဖို့အတွက် ပြည်ထောင်စုကို တောင်းခံထားတယ်၊ ပြည်ထောင်စုကလည်း ပေးမယ်လို့ ပြောထားပြီးပြီ၊ ပြည်ထောင်စုက ခွင့်ပြုရတာနဲ့ ချက်ချင်း အကောင်အထည် ဖော်မယ်”ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက အောက်တိုဘာလ ၁၇ ရက်က ပြောသည်။

သံလွင်ဈေးမှထွက်သည့် ငါးညှီပုပ်နံ့များသည် ပတ်ဝန်းကျင်နေ ရပ်ကွက်ပြည်သူများ၏ ကျန်းမာရေးကို ထိခိုက်နေသည့်အပြင် ဆယ့်နှစ်ဘီးတပ် ငါးပုံးတင် ကုန်ကားကြီးများ ၂၄ နာရီ ဝင်ထွက်သွားလာနေသဖြင့် လမ်းတစ်လျှောက် ငါးအနံ့များ ပိုထွက်လာကာ ယာဉ်အန္တရာယ်လည်း ဖြစ်ပေါ်စေနိုင်သည့်အတွက် ရပ်ကွက်နေ ပြည်သူတို့က အဆိုပါ ငါးဈေးကို ပြောင်းရွှေ့ပေးရန် ယခင်အစိုးရ လက်ထက်ကတည်းက တောင်းဆို တိုင်ကြားခဲ့ကြသည်။

“ရပ်ကွက်နေ ပြည်သူတွေကတော့ ငါးဒိုင်ကထွက်တဲ့ အနံ့ဆိုးတွေကို နေ့တိုင်း ခံစားနေရတယ်ဗျာ၊ ညဆိုရင်လည်း တစ်ညလုံး ငါးတွေတင် ချလုပ်၊ မနက်ဆို ကားလမ်းက ပိတ်၊ ဒါ ရပ်ကွက်က နေ့စဉ် ခံစားနေရတာတွေပါ၊ ရပ်ကွက်နေပြည်သူတွေရဲ့ ဆန္ဒကတော့ အနံ့အသက်ဒဏ် မခံနိုင်ကြတော့လို့၊ ဒီငါးဒိုင်တွေကို ပြောင်းစေချင်တယ်”ဟု ဘိုကုန်းရပ်ကွက်နေ ဦးတင်ထွန်းက ပြောသည်။

သံလွင်ဈေးသည် ၁၉၈၉ ခုနှစ်က ကုန်ခြောက်မျိုးစုံ ရောင်းချရန်အတွက် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၆ ပေ ပတ်လည်ဆိုင်ခန်းများ ပြုလုပ်ကာ ဈေး စတင် ရောင်းချခဲ့သော်လည်း နောက်ပိုင်းတွင် အဆိုပါ ၆ ပေ ပတ်လည်ဆိုင်ခန်းများကို ဖျက်ပြီး ငါးဈေးဒိုင်အဖြစ် ယနေ့ထိ ပြောင်းလဲ အသုံးပြုခဲ့သည်။

Dawei Watch