News

POST TYPE

NEWS

အခြေခံပညာကျောင်းသားများ မြန်မာစာ စွမ်းရည်ပြိုင်ပွဲ ကျင်းပမည်
18-Oct-2017 tagged as

ရန်ကုန်၊ အောက်တိုဘာ ၁၈

တစ်နိုင်ငံလုံးရှိ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းတို့တွင် အဆင့်အလိုက် မြန်မာဘာသာစကား စွမ်းရည်ပြိုင်ပွဲများ ယခု အောက်တိုဘာ လကုန်ပိုင်းမှစ၍ ဒီဇင်ဘာလအထိ ကျောင်းအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းအဆင့်၊ ဗဟိုဟူ၍ ကျင်းပမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနထံမှ သိရှိရသည်။

တိုင်းရင်းသားကလေးငယ်များ မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြန်မာစာ ဝေါဟာရတို့၏ အနက်အဓိပ္ပာယ်၊ သဒ္ဒါ အသုံးအနှုန်းတို့ မှန်ကန်တိကျစွာ ရေးသား အသုံးပြုနိုင်စေရန် မြန်မာနိုင်ငံ တိုင်းရင်းသား ဘာသာစကား ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်ခြင်းဖြစ်သည်။

ကျောင်းအဆင့်ကို နိုဝင်ဘာလကုန်တွင် စစ်ဆေးမည်ဖြစ်သည်။ မြို့နယ်အဆင့်ကို နိုဝင်ဘာလဆန်းတွင် စစ်ဆေးမည်ဖြစ်သည်။ ခရိုင်အဆင့် နိုဝင်ဘာလကုန်၊ တိုင်းအဆင့်ကို ဒီဇင်ဘာလဆန်း၊ ဗဟိုအဆင့်ကို ဒီဇင်ဘာလကုန်တွင် အဆင့်အလိုက် ပြုလုပ်မည်ဖြစ်သည်။

ပဲခူးတိုင်း ကဝမြို့နယ် အထက(ခွဲ)အေးမွန် အလယ်တန်းကျောင်းအုပ်ဆရာ ဦးအောင်ကျော်သူက မြန်မာစာ စွမ်းရည်ပြိုင်ပွဲကို လွန်ခဲ့သည့် သုံးနှစ်ခန့်မှ စတင် ပြုလုပ်ခြင်းဖြစ်ပြီး အင်္ဂလိပ်စာ၊ သင်္ချာပြိုင်ပွဲများကို လွန်ခဲ့သည့် ဆယ်နှစ်ကျော်ကတည်းက ပြုလုပ်ခဲ့သည်ဟု မှတ်မိကြောင်း ပြောကြားသည်။

“ကလေးတွေ မြန်မာဘာသာစကား ကျွမ်းကျင်မှု အားနည်းလာတာကြောင့် ပိုအားကောင်းလာစေမှာပါ။ ကျွန်တော်တို့ ကျောင်းကိုတော့ ညွှန်ကြားစာ ရောက်မလာသေးပါဘူး”ဟု ဆရာဦးအောင်ကျော်သူက အောက်တိုဘာလ ၁၈ ရက်တွင် ပြောကြားသည်။

မြန်မာစာ စွမ်းရည်ပြိုင်ပွဲကို အဆင့်ဆင့် ပြုလုပ်ပြီးနောက် ဗဟိုအဆင့်ကို ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် အထက (၂) တွင် ကျင်းပမည်ဖြစ်ပြီး ပြည်လမ်းရှိ ရန်ကုန် တက္ကသိုလ် စိန်ရတုခန်းမတွင် ဆုချီးမြှင့်မည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနက ပေးပို့သည့် ရန်ကုန် တိုင်းဒေသကြီး ပညာရေးမှူးရုံး ညွှန်ကြားစာအရ သိရှိရသည်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဘူးကုန်းကျေးရွာ အလယ်တန်းကျောင်း အလယ်တန်းပြ ဆရာမတစ်ဦးက ၎င်းတို့ထံ ယင်းညွှန်ကြားစာ မရောက်ရှိသေးကြောင်း၊ ယခင်နှစ်များက မြန်မာစာ စွမ်းရည်ပြိုင်ပွဲဟူ၍ သီးသန့် မရှိကြောင်း၊ အင်္ဂလိပ်၊ သင်္ချာ စွမ်းရည်ပြိုင်ပွဲများသာ ရှိကြောင်း ပြောကြားသည်။

မြဇာခြည်သင်း 

  • TAGS