News

POST TYPE

NEWS

မုန်တိုင်းအရှိန်ကြောင့် ရန်ကုန်နှင့် ဒေသအချို့ မိုးများမည်
18-Oct-2017 tagged as မိုးလေဝသ

ရန်ကုန်၊ အောက်တိုဘာ ၁၈

ဘင်္ဂလားပင်လယ်အော် အနောက် အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်နေသည့် ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းအရှိန်ကြောင့် နောက်သုံးရက်အတွင်း ရန်ကုန် တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မိုးများနိုင်ပြီး နေရာကွက်၍ မိုးသည်းထန်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

ယင်းမုန်တိုင်း အရှိန်ကြောင့် ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးများနိုင်ပြီး မိုးရေချိန် စုစုပေါင်း ငါးလက်မမှ ခြောက်လက်မအတွင်း ရရှိနိုင်ကြောင်း ၎င်းက ပြောဆိုသည်။ 

“ကမ်းရိုးတန်းဒေသ​တွေမှာ ​နေရာ ကွက်​ပြီး မိုးသည်းထန်​တာနဲ့ ပင်​လယ်​ပြင်​မိုး​လေဝသ ဆိုးရွားနိုင်​တာကို သတိပြုသင့်ပါတယ်”ဟု ဦးကျော်လွင်ဦးက ဆိုသည်။ 

ထို့ပြင် လေထုမတည်ငြိမ်မှုများနှင့် အားကောင်းသည့် မိုးတိမ်တောင်ကြီးများ ဆက်လက် ဖြစ်ပေါ်နိုင်သည့်အတွက် အောက်တိုဘာလကုန်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ် အချို့တွင် မိုးဆက်လက် ထစ်ချုန်း ရွာနိုင်ဖွယ်ရှိနေကြောင်း ၎င်းက ခန့်မှန်း ပြောဆိုသည်။ 

ဘင်္ဂလားပင်​လယ်​​အော်​ မုန်​တိုင်း သတိ​ပေးချက်​များ​ စောင့်ကြည့်ထုတ်​ပြန်​​ပေးသည့် အိန္ဒိယနိုင်​ငံ၊ မိုး​လေဝသဌာနက မုန်​တိုင်းဖြစ်​နိုင်​မှု အခြေအနေနှင့် ခန့်မှန်းချက်များ၊ အကြံပြုချက်များအရ အဆိုပါ မုန်တိုင်းသည် အိန္ဒိယကမ်းခြေ မြောက်​ပိုင်းကို ဦးတည်​​ရွေ့လျားမည့် အ​ခြေအ​နေ​ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ယင်းအရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ရာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်တွင် လှိုင်းအမြင့် ခြောက်ပေမှ ၁၀ ပေ ခန့်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတိပေးထားသည်။ 

အဆိုပါမုန်တိုင်းသည် အိန္ဒိယနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည်ဖြစ်သော်လည်း မြန်မာနိုင်ငံသည် မုန်တိုင်း ညာဘက်ခြမ်းတွင်ရှိနေပြီး မုန်တိုင်း တိမ်စွယ်တန်း အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်ဒေသ၊ ကမ်းရိုးတန်းဒေသများ၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် မိုးအား များနိုင်ကြောင်း ရာသီဥတု၊ မိုးလေဝသနှင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ လေ့လာတင်ပြနေသည့် MMweather Page တွင် ဖော်ပြထားသည်။

E-03