News

POST TYPE

NEWS

ကမ္ဘာ့ရဲတီးဝိုင်းဖျော်ဖြေပွဲ နိုင်ငံငါးနိုင်ငံမှ ရဲတပ်ဖွဲ့များ ပါဝင်မည်
17-Oct-2017 tagged as

ရန်ကုန်၊ အောက်တိုဘာ ၁၇

မြန်မာနိုင်ငံက ပထမဆုံးကျင်းပမည့် ကမ္ဘာ့ရဲတီးဝိုင်းဖျော်ဖြေပွဲ World Police Band Concert တွင် မြန်မာ၊ ဂျပန်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် ရဲတပ်ဖွဲ့မှ တီးဝိုင်းအဖွဲ့များ ရန်ကုန်မြို့တွင်း ချီတက်ဖျော်ဖြေမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီထံမှ သိရသည်။

ပြည်တွင်း၊ ပြည်ပ ရဲတပ်ဖွဲ့တီးဝိုင်းများ ချီတက်တီးခတ်ဖျော်ဖြေပွဲ အခမ်းအနားကို ကျောက်တံတားမြို့နယ် ကမ်းနားလမ်းနှင့် ဆူးလေ ဘုရားလမ်းဆုံ၌ အောက်တိုဘာလ ၂၈ ရက် နံနက် ၈ နာရီတွင် ကျင်းပမည်ဖြစ်သည်။

ယင်းနောက် ရဲတီးဝိုင်းများသည် ကျောက်တံတားမြို့နယ် ကမ်းနားလမ်းမှ ဆူးလေဘုရားလမ်းအတိုင်းထိုမှ ဗိုလ်ချုပ်အောင်ဆန်းလမ်းအထိ စုပေါင်း လမ်းလျှောက်ကာ တီးခတ် ဖျော်ဖြေမည်ဖြစ်သည်။

“အစမ်းလေ့ကျင့်တဲ့နေ့နဲ့ ပွဲလုပ်မယ့်နေ့မှာ လမ်းတွေက အလှည့်ကျ စနစ်နဲ့ ယာယီပဲ ပိတ်မယ်။ ဒီပွဲက အလှည့်ကျ နိုင်ငံတကာ လှည့်ပြီး လုပ်နေကျပါ။ ဒီနှစ်မှ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတာပါ။ အခြားနိုင်ငံက ရဲတီးဝိုင်း အဖွဲ့တွေလည်း လာရောက် ဖျော်ဖြေပါမယ်”ဟု အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ မှူးရုံးမှရဲမှူး မျိုးအောင်မြင့်က ဆိုသည်။

၂၂ နှစ်ကြိမ်မြောက် World Police Band Concert ဖျော်ဖြေပွဲကျင်းပမည့် အောက်တိုဘာလ ၂၈ ရက်နှင့် အစမ်းလေ့ကျင့်သည့် အောက်တိုဘာလ ၂၁ ရက်တွင် နံနက် ၆ နာရီမှ နံနက် ၁၀ နာရီအထိ ဖျော်ဖြေချီတက်မည့်လမ်းများကို အလှည့်ကျ ခေတ္တ လမ်းပိတ်ထားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းနေ့များတွင် နံနက် ၆ နာရီမှ ၁၀ နာရီအထိ ကမ်းနားလမ်းမှ ဗိုလ်ချုပ်လမ်းအထိ (ရွှေဘံသာလမ်း)၊ ကမ်းနားလမ်းမှ ဗိုလ်ချုပ်လမ်းအထိ (ဆူးလေဘုရားလမ်း)၊ ကမ်းနားလမ်းမှ ဗိုလ်ချုပ်လမ်းအထိ (ပန်းဆိုးတန်းလမ်း)၊ ပန်းဆိုးတန်းလမ်းမှ စဥ့်အိုးတန်းလမ်းထိပ်အထိ အလှည့်ကျ ခေတ္တလမ်းပိတ်၊ လမ်းလွှဲ ဆောင်ရွက်သွားမည်ဖြစ်သည်။

၁၉၉၆ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့သည့် World Police Band Concert ပွဲတော်ကြီးသည် သက်ဆိုင်ရာ နိုင်ငံများမှ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်ပနိုင်ငံများမှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း တီးခတ်ကာ မြို့တွင်း လှည့်လည် ဖျော်ဖြေခြင်းမျိုးဖြစ်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှာ ယခင်က ယင်းသို့ အတွေ့အကြုံမရှိဘဲ ယခုနှစ်မှသာလျှင် အိမ်ရှင်အဖြစ် စတင် ပါဝင်ဆင်နွှဲခွင့်ရခြင်း ဖြစ်သည်။

J-10

  • TAGS