News

POST TYPE

NEWS

ကျပ်တစ်ထောင့်နှစ်ရာဘီလီယံ ဗဟိုဘဏ်မှချေးရန် လွှတ်တော်သို့ သမ္မတ သဝဏ်လွှာပို့
17-Oct-2017

နေပြည်တော်၊ အောက်တိုဘာ ၁၇

ယခုနှစ်(၂၀၁၇-၂၀၁၈) ပြည်ထောင်စု အစိုးရ၏လိုငွေစာရင်းကို ဖြည့်ဆည်းရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ချေးယူလိုကြောင်း နိုင်ငံတော်သမ္မတက လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့လိုက်သည်။

ယင်းသဝဏ်လွှာကို ပြည်ထောင်စု လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ယနေ့ ကျင်းပသော လွှတ်တော်တွင် ကိုယ်စားလှယ်များကို အသိပေး ပြောကြားခဲ့ ခြင်းဖြစ်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမောင်မောင်ဝင်းက လာရောက် တင်ပြခဲ့ခြင်းဖြစ်သည်။

ယင်းချေးငွေအတွက် အစိုးရငွေတိုက် လက်မှတ်များအပေါ် လေလံပေးသောဈေးကွက် အတိုးနှုန်းဖြင့် ဗဟိုဘဏ်မှ ဝယ်ယူခြင်း နည်းလမ်းဖြင့် ဖြည့်ဆည်းမည်ဖြစ်ကြောင်း ဦးမောင်မောင်ဝင်းက ပြောသည်။

ငွေချေးယူရာတွင် ဗဟိုဘဏ် ဥပဒေ ပုဒ်မ ၉၁၊ ပုဒ်မခွဲ (ခ) ပါပြဋ္ဌာန်းချက်အရ အတိုးပေး လွှဲပြောင်းနိုင်ခွင့်ရှိသည့် အများဆုံးသက်တမ်း ၉၂ ရက်ရှိသော အစိုးရ ချေးငွေသက်သေခံ လက်မှတ်များဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက အာမခံမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာတွင် ပါရှိသည်။

ဗဟိုဘဏ်မှ ဖြည့်ဆည်းချေးပေးမည့် ချေးငွေကျပ် ၁၂၀ဝ ဘီလီယံသည် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်း တင်သွင်းသည့်အချိန်တွင် အပြောင်းအလဲရှိနိုင်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

ယင်းကိစ္စကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ၂၀ ရက်နေ့ နောက်ဆုံးထား၍ လွှတ်တော်သို့ အမည်စာရင်း ပေးသွင်းရမည်ဖြစ်ကြောင်း လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ကြေညာခဲ့သည်။

S-01

  • VIA