News

POST TYPE

NEWS

ဖိအားပေး၍ အမှုဖွင့်စေခိုင်းခြင်း မရှိဟု အောင်ဗောဓိ ဘုရားဂေါပကအဖွဲ့ ရှင်းလင်း
17-Oct-2017 tagged as ရန်ကုန်


ရန်ကုန်၊ အောက်တိုဘာ ၁၇

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အောင်ဗောဓိဘုရားဝင်းရှိ အလှူခံပုံးထဲမှ ငွေကျပ် သုံးရာအား ခိုးယူမှုဖြင့် ကလေးသုံးဦးကို ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ အပ်နှံ၍ ရဲစခန်းထံ အကြောင်းကြားခဲ့ခြင်းဖြစ်ပြီး ဖိအားပေး၍ အမှုဖွင့်စေခိုင်းခြင်းမရှိဟု ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်ဦးက ပြောကြားသည်။ 

အောင်ဗောဓိ ဘုရားဂေါပကအဖွဲ့က အောက်တိုဘာလ ၁၇ ရက် နံနက်ပိုင်းတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ယခင်က အောင်ဗောဓိဘုရားဝင်းရှိ အလှူခံပုံးများ ရိုက်ခွဲဖျက်ဆီး၍ ပိုက်ဆံများ ခိုးယူခံရခြင်း၊ ဆွမ်းကပ်ထားသည့် သစ်သားများ ခိုးယူခံရခြင်းတို့ ရှိခဲ့ဖူးကြောင်း၊ အလှူခံပုံးထဲမှ ကျပ်သုံးရာကို ခိုးယူခဲ့သည်ဟုဆိုသော ကလေးသုံးဦးကို ရပ်ကွက် အုပ်ချုပ်ရေးမှူးထံ အပ်ခဲ့ပြီး နောက်ထပ် ခိုးယူမှု မဖြစ်စေရန် ဆုံးမခိုင်းခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ကို ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဥပဒေအတိုင်း ဆောင်ရွက်ပေးရန် အကြောင်းကြားခဲ့ကြောင်း ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်ဦးက ပြောသည်။ 

“ကျွန်တော်တို့လည်း ဆုံးဖြတ်ချက် ချတာ မှန်တာ မှားတာတွေလည်း ရှိနိုင်ပါတယ်။ ကလေးတွေကို အမှုဖွင့် တိုင်ကြားမှုအပေါ်မှာ ဂေါပကအဖွဲ့က ဘယ်သူ့ကိုမှ ဖိအားပေး အမှုဖွင့်ခိုင်းခဲ့တာမျိုး မရှိခဲ့ပါဘူး။ ဖြစ်တဲ့နေ့က ရပ်ကွက်လူကြီးထံ ကလေးတွေ အပ်ခဲ့တယ်။ ရဲစခန်းကို အကြောင်းကြားခဲ့တယ်။ နောက်ရက်ကျ ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရတာ။ ဒါက ဖြစ်စဉ် အမှန်ပါ”ဟု ဦးနိုင်ဦးက ဆက်လက် ပြောကြားသည်။

စက်တင်ဘာလ ၁၃ ရက် ညနေပိုင်းက အောင်ဗောဓိဘုရားဝင်းတွင် အသက် ၁၀ နှစ် ၁၄ နှစ်ကြားရှိ ကလေးငယ် သုံးဦးက အလှူခံပုံး ငွေထည့်သည့်အပေါက်ဝတွင် တစ်နေသော ကျပ်သုံးရာကို အမွှေးတိုင် တုတ်ချောင်းဖြင့် ကလော်ထုတ်ယူစဉ် ဘုရားဝင်းမှ တာဝန်ရှိသူများက တွေ့ရှိသဖြင့် ဂေါပကအဖွဲ့ဝင် တစ်ဦးက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မ ရဲစခန်းတွင် ဥပဒေအရ အရေးယူပေးရန် တရားလိုပြု တိုင်ကြားခဲ့သည်။

ရာဇသတ်ကြီးပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့် အရေးယူခံရသည့် ကလေးသုံးဦးမှာ သန်လျင်ရှိ လူငယ်လေ့ကျင့်ရေး သင်တန်းကျောင်းသို့ ပို့အပ်ခဲ့သောကြောင့် ယင်းဖြစ်ရပ်အပေါ် မကျေနပ်သည့် မြို့နယ်နေသူများက စက်တင်ဘာလ ၂၆ ရက်နေ့က လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့ရာတွင် ရဲတပ်ဖွဲ့က တားဆီးခဲ့သောကြောင့် ခွင့်ပြုချက်ယူ၍ စက်တင်ဘာလ ၂၆ ရက်နေ့တွင် လူအင်အား ၂၀ဝ ခန့် ဆန္ဒထုတ်ဖော်ခဲ့သည်။

“မီဒီယာတွေခေါ်ပြီး မဟုတ်တာတွေ ပြောနေတာ။ သူတို့ဖြစ်စဉ် အမှန်ဆို ရပ်ကွက်သူ ရပ်ကွက်သားတွေပါ ဘုရားဝင်းထဲမှာလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ လာနားထောင်ဖို့ ဖိတ်ရမှာပေါ့။ ရပ်ကွက်သားတွေကို မဖိတ်ဘဲ သူတို့ဘာသာ သတင်းစာရှင်းလင်းပွဲလုပ်တာ”ဟု အမှုဖွင့် အရေးယူခံရသည့် ကလေးငယ်တစ်ဦး၏ မိခင်ဖြစ်သူက ဆိုသည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့ ရပ်ကွက်နေသူများမှ ဝင်ရောက်လာခဲ့ပြီး ဂေါပကအဖွဲ့၏ ရှင်းလင်းဖြေကြားချက်အပေါ် ၎င်းတို့မှ အပြန်အလှန် မေးခွန်းများ ဝင်ရောက်မေးမြန်းခဲ့သည်။

S-03