News

POST TYPE

NEWS

နောက်ယောကျာ်းယူမည်ပြောသော ဇနီးကို ခင်ပွန်းက ဓားဖြင့်ခုတ်သတ်
သပိတ်ကျင်း၊ အောက်တိုဘာ ၁၇

သပိတ်ကျင်းမြို့နယ် တွင်းငယ်တိုက်နယ် မှတ်တော်မူကျေးရွာ၌ နောက်ယောက်ျားယူမည်ပြောသောဇနီးကို ခင်ပွန်းဖြစ်သူက ဓားမဖြင့် ခုတ်သတ်မှု အောက်တိုဘာလ ၁၇ ရက် နံနက်ပိုင်းက ဖြစ်ခဲ့ကြောင်း တွင်းငယ်ကျေးရွာ ရဲစခန်းမှ ရဲအုပ်ရဲထွန်းက ပြောကြားသည်။

“အတူပေါင်းသင်း နေထိုင်ကြတဲ့ ဇနီးမောင်နှံ နှစ်ဦးပါ။ မိန်းမဖြစ်တဲ့သူက စကားတစ်ခွန်းကို မဆင်မခြင် ပြောဆိုမိတဲ့အခါမှာ ယောက်ျားဖြစ်သူက စိတ်အလို လိုက်ပြီး ဓားနဲ့ခုတ်လိုက်တဲ့ဖြစ်စဉ်ပါ”ဟု ၎င်းက ပြောဆိုသည်။

သေဆုံးသူမှာ အသက် ၃၁ နှစ်အရွယ်ရှိ ဒေါ်စန်းမြင့်ဝေဖြစ်ပြီး လွန်ခဲ့သော ၁၅ နှစ်ခန့်က အိမ်ထောင်ပြုခဲ့သူဖြစ်ကာ သားသမီး သုံးဦးရှိကြောင်း အိမ်ချင်းကပ်နေထိုင်သည့် ဖခင်ဖြစ်သူ ဦးကျော်ညွန့်က ပြောကြားသည်။

“သမီးကြီး လာခေါ်လို့ သွားကြည့်တော့ သမီးလတ်က ဓားဒဏ်ရာတွေနဲ့ အိပ်ရာထဲမှာ သေနေပြီ။ သမက်ဖြစ်တဲ့သူကိုလည်း ဓားတန်းလန်းနဲ့ တွေ့တယ်။ ဘာဖြစ်တာလဲ မေးကြည့်တော့ နောက် ယောက်ျားယူမယ်ပြောတဲ့အတွက်ကြောင့်တဲ့”ဟု အမှုဖွင့်တိုင်ကြားသူလည်းဖြစ်သည့် ၎င်းက ရှင်းပြသည်။

လက်ရှိအချိန်၌ ပြစ်မှုကျူးလွန်သူဟု တိုင်ကြားခံရသော အသက် ၃၇ နှစ် အရွယ်ရှိ အောင်ဇော်ဦးကို (ပ) ၂၂၆/ ၂၀၁၇ ပုဒ်မ ၃၀၂ ရေးဖွင့်ကာ ရဲစခန်းတွင် ဖမ်းဆီး ထိန်းသိမ်းထားသည်ဟု သပိတ်ကျင်းမြို့မရဲစခန်းထံမှ သိရှိရသည်။         

R-05