News

POST TYPE

NEWS

YBS ယာဉ်လိုင်း သုံးလိုင်း ယာဉ်စီးရေ ထပ်တိုးမည်
17-Oct-2017 tagged as YBS


ရန်ကုန်၊ အောက်တိုဘာ ၁၆

YBS ယာဉ်လိုင်း ငါးလိုင်းကို တာဝန်ယူပြေးဆွဲနေသော ဗန္ဓုလ သယ်ယူပို့ဆောင်ရေး အများပိုင်ကုမ္ပဏီသည် ယာဉ်လိုင်း သုံးလိုင်းတွင် တရုတ်ယာဉ်သစ်စီးရေများ ထပ်တိုး ပြေးဆွဲမည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။

“ယာဉ်လိုင်းနှစ်လိုင်းက ယာဉ်သစ် ထည့်ပြီးပြီ။ သုံးလိုင်း ထပ်ထည့်ဖို့ ကျန်နေတာပါ။ ဒီသုံးလိုင်းကို အောက်တိုဘာလ တတိယပတ်မှာ ထည့်မယ်”ဟု ဗန္ဓုလ သယ်ယူပို့ဆောင်ရေး အများပိုင်ကုမ္ပဏီ အထွေထွေ မန်နေဂျာ ဦးမြင့်ကြည်က ဆိုသည်။

YBS ယာဉ်လိုင်း ငါးလိုင်းအနက် YBS ၁၂၊ ၁၄၊ ၂၈ လိုင်းတို့တွင် တရုတ်ယာဉ်သစ် ၁၇၀ စီးကျော်ကို ထပ်တိုးပြေးဆွဲမည်ဖြစ်ပြီး လက်ရှိ YBS ၁၂ နှင့် ၁၄ ယာဉ်လိုင်းတို့တွင် ယာဉ် ၄၀ စီး၊ YBS ၂၈ ယာဉ်လိုင်းတွင် ၃၄ စီးရှိကြောင်း ဗန္ဓုလ သယ်ယူပို့ဆောင်ရေး အများပိုင်ကုမ္ပဏီထံမှ သိရသည်။

“ယာဉ်အသစ်တွေ အကုန်လုံးက အဲကွန်းတွေ ပါပြီးသားပါ။ Cash Box အပြင် ငွေပေးချေကတ်နဲ့လည်း ခရီးသည်တွေ စီးနင်းလို့ရတယ်”ဟု ဦးမြင့်ကြည်က ဆိုသည်။

တရုတ်နိုင်ငံက ဝယ်ယူထားသည့် ယာဉ်သစ် ၂၁၄ စီးအနက် အောက်တိုဘာလ ၂ ရက်က YBS ၂၅ ယာဉ်လိုင်းတွင် ယာဉ်သစ် ၂၀ စီး၊ YBS ၃၀ ယာဉ်လိုင်းတွင် ယာဉ်သစ် ၂၁ စီး ထပ်တိုး ပြေးဆွဲထားသည်။

အဆိုပါကုမ္ပဏီလက်အောက်တွင် YBS ၁၂၊ ၁၄၊ ၂၅၊ ၃၀၊ ၃၈ ယာဉ်လိုင်းများ ပြေးဆွဲပြီး ယာဉ် ၂၃၄ စီးဖြင့် ပြေးဆွဲလျက်ရှိကာ ထိုယာဉ်လိုင်း ငါးလိုင်းတွင် ယာဉ်စီးခကို (ငွေပေးချေကတ်) iPay ၊ (မိုဘိုင်းလ်ဖုန်းဖြင့် ငွေပေးချေခြင်း) Ok $ နှင့်(ခရီးသည်ကိုယ်တိုင်ပေး) ငွေပုံးစနစ် စသည့် စနစ်သုံးမျိုးဖြင့် ခရီးသည်များ စီးနင်းနိုင်သည်။

ယာဉ်စီးရေများ တိုးချဲ့မည့် YBS ၁၂ ယာဉ်လိုင်းသည် မြောက်ဒဂုံ ၅၀ ကွေ့မှ ဆူးလေ၊ YBS ၁၄ ယာဉ်လိုင်းသည် မြောက်ဒဂုံ (ဘုရင့်နောင်လမ်းဆုံ) မှ ကြည့်မြင်တိုင်၊ သခင်မြပန်းခြံ၊ YBS ၂၈ ယာဉ်လိုင်းသည် ဒဂုံတက္ကသိုလ်မှ ဆူးလေအထိ ပြေးဆွဲပေးလျက်ရှိသည်။

J-06