News

POST TYPE

NEWS

ဦးဖြိုးကိုကိုတင့်ဆန်း၏ နေအိမ်ကိုဝင်စစ်ရာ ကျည်ဆန်၊ စနိုက်ပါမှန်ပြောင်းနှင့် မူးယစ်ဆေးများ ထပ်ဖမ်းမိ

ရန်ကုန်၊ အောက်တိုဘာ ၁၇ 

ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား (၁) ရပ်ကွက်၊ ငွေဝတ်မှုန်ရိပ်သာလမ်းရှိ ဦးဖြိုးကိုကိုတင့်ဆန်း၏ နေအိမ်ထဲမှ ကျည်ဆန်၊ စနိုက်ပါမှန်ပြောင်း၊ မူးယစ်ဆေးဝါးများနှင့် အခြားပစ္စည်းများကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။ 

နေပြည်တော်လေဆိပ်တွင် လက်နက်နှင့် မူးယစ်ဆေးဝါး အမှုကွင်းဆက်အဖြစ် အားကစားဝန်ကြီးဟောင်း၏သားဖြစ်သူ ဦးဖြိုးကိုကိုတင့်ဆန်း ပိုင်ဆိုင်သော ACE ဟိုတယ်နှင့် ကုမ္ပဏီတို့တွင် သေနတ် ၁၁ လက်၊ ကျည်ဆန် အမြောက်အများနှင့် National Security Council (အမျိုးသားလုံခြုံရေးကောင်စီ)စာတန်းပါ အင်္ကျီ၊ စတေကာနှင့် တံဆိပ်ပြားများ ဖမ်းမိခဲ့ပြီးနောက် ၎င်း၏ နေအိမ်ကို အောက်တိုဘာလ ၁၆ ရက်နေ့ ညပိုင်းက ရဲတပ်ဖွဲ့က ဝင်ရောက် စစ်ဆေးခဲ့သည်။

ယင်းသို့ စစ်ဆေးခဲ့ရာ နေအိမ်အောက်ထပ်ရှိ လေ့ကျင်းခန်း လုပ်သည့်အခန်းနှင့် ဧည့်ခန်းတို့၌ ကျည်ဆန် ၃ တောင့်၊ စနိုက်ပါ မှန်ပြောင်း ၂ လက်၊ WY စိတ်ကြွဆေးပြား ၂ ပြားနှင့် အိုက်စ်အချို့၊ မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် သံလိုက်အိမ်မြှောင်၊ စကားပြောစက်၊ ကျည်ကာ အင်္ကျီ၊ ကျည်ဘောက်အိတ်၊ သေနတ် ချိန်သီး၊ ပြောက်ကျားအင်္ကျီနှင့် ဘောင်းဘီတို့ကို သိမ်းဆည်းရမိခဲ့သည်။

ယနေ့ (အောက်တိုဘာလ ၁၇ ရက်) နံနက်ပိုင်းကလည်း ၎င်း၏ကုမ္ပဏီပိုင် ကားသုံးစီးကို စစ်ဆေးရာတွင် အလယ်ကားထဲမှ သေနတ်တစ်လက် ထပ်မံတွေ့ရှိရာ စုစုပေါင်း သေနတ် ၁၂ လက်ကို သိမ်းဆည်းထားမိပြီးဖြစ်သည်။

ဦးဖြိုးကိုကိုတင့်ဆန်း ပိုင်ဆိုင်သည့် မော်တော်ယာဉ်များတွင် NSA(အမျိုးသားလုံခြုံရေးအေဂျင်စီ)၊ NSC(အမျိုးသားလုံခြုံရေးကောင်စီ) စာတန်းပါ စတေကာများ ကပ်ထားပြီး ယင်းစာတန်းပါ အင်္ကျီများ သိမ်းဆည်းရမိခြင်းနှင့် ပတ်သက်၍ နေပြည်တော်မှ ရဲမှူးကြီး ဇော်ခင်အောင်က ယင်းပစ္စည်းများမှာ လုံခြုံရေးကုမ္ပဏီထောင်ရန် စိတ်ကြိုက်ဒီဇိုင်းဆွဲ ပြုလုပ်ထားခြင်းဟု သိရကြောင်း သို့သော်လည်း ယင်းမှာ တရားမဝင် ဖွဲ့စည်းတည်ထောင်ထားခြင်းဖြစ်ကြောင်း မှတ်ချက်ပေးသည်။ 

လက်နက်တင်သွင်းသည့် အဖွဲ့အစည်းတစ်ခုခုနှင့် ဖြိုးကိုကိုတင့်ဆန်းမှာ ဆက်စပ်မှု ရှိ မရှိ အပါအဝင် အလုံးစုံ ကိစ္စရပ်များကို စစ်ဆေးနေဆဲဖြစ်ပြီး လက်နက်ဥပဒေ၊ မူးယစ်ဆေးဝါး ဥပဒေများဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း ရဲမှူးကြီး ဇော်ခင်အောင်က မီဒီယာများထံ ဖြေကြားခဲ့သည်။ 

S-03