News

POST TYPE

NEWS

ကန့်သတ်နယ်မြေအတွင်း ဝင်သည့် တရုတ် ၁၁ ဦးနှင့် ခေါ်ဆောင်ခဲ့သူကို ကျပ်ငါးသိန်းစီ ဒဏ်ရိုက်
16-Oct-2017 tagged as သပိတ်ကျင်း

သပိတ်ကျင်း၊ အောက်တိုဘာ ၁၆

နိုင်ငံခြားသားများ ဝင်ထွက်သွားလာမှုအတွက် ကန့်သတ်ထားသော နယ်မြေအတွင်း ဝင်ရောက် သွားလာခဲ့သည့် တရုတ်နိုင်ငံသား ၁၁ ဦးနှင့် ၎င်းတို့ကို ခေါ်ဆောင်ခဲ့သူကို အောက်တိုဘာလ ၁၆ ရက်နေ့၌ တရားရုံးက ဒဏ်ငွေ ငါးသိန်းစီ ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သပိတ်ကျင်း မြို့နယ်တရားသူကြီး ဦးမင်းလွင်က ပြောကြားသည်။

၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေး (လက်တလော ပြဋ္ဌာန်းချက်များ) အက်ဥပဒေ ပုဒ်မ ၁၃(၁) နှင့် ၁၃ (၅) အရ အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနတာဝန်ရှိသူ၏ အမှုဖွင့် တိုင်ကြားချက်ကို တရားရုံးက ရာဇသတ်ကြီး အမှုအမှတ် ၅၈၅ ဖြင့် လက်ခံစစ်ဆေးပြီး အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

သပိတ်ကျင်းမြို့နယ် ဝါးဖြူတောင် ကျေးရွာအုပ်စု ဖော့တော့ကျေးရွာရှိ ကန့်သတ်နယ်မြေအတွင်း အောက်တိုဘာလ ၁၄ ရက်က ဝင်ရောက် ဖြတ်သန်းခဲ့သည့် တရုတ်နိုင်ငံသား ၁၁ ဦးနှင့် ခေါ်ဆောင်ခဲ့သူ တစ်ဦးကို အရေးယူပေးရန် ရဲစခန်းတွင် အမှုဖွင့်ခဲ့သည်ဟု အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန သပိတ်ကျင်းမြို့နယ် ဦးစီးအရာရှိ ဦးထိန်လင်းက ပြောကြားသည်။

ဒဏ်ငွေ ၅ သိန်းစီ အမိန့်ချမှတ်ခံလိုက်ရသည့် တရုတ်နိုင်ငံသား ၁၁ ဦးနှင့် Golden Butterfly Co., Ltd. ဝန်ထမ်းနှင့် Power China Co., Ltd. , Sinohydro Co., Ltd. မှ ကျွမ်းကျင် ပညာရှင်များနှင့် ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၁၂ ရက်မှ ၁၈ ရက်အတွင်း ရွှေလီလျှပ်စစ် စီမံကိန်းနှင့် မိုးမိတ် လေယာဉ်ကွင်းတို့သို့ ပြည်နယ် အစိုးရခွင့်ပြုချက်ဖြင့် သွားရောက် လေ့လာခဲ့ရာမှ  ကန့်သတ်နယ်မြေအတွင်း ဝင်ရောက်တည်းခိုခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကို တာဝန်ခံ ခေါ်ဆောင်ခဲ့သူ ဒေါ်သင်းသင်းဆွေကို မြို့နယ်တရားရုံးတွင် ဒဏ်ငွေ ပေးဆောင်ခဲ့ကြောင်း သပိတ်ကျင်းမြို့နယ်တရားရုံးထံမှ သိရသည်။

R-05