News

POST TYPE

NEWS

မြို့ပတ်ရထားလမ်း ခြံစည်းရိုး ခတ်သည့်လုပ်ငန်း ရွှေ့ဆိုင်း
16-Oct-2017


ရန်ကုန်၊ အောက်တိုဘာ ၁၆

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းတွင်ပါဝင်သော ခြံစည်းရိုးခတ်ခြင်း လုပ်ငန်းကို အောက်တိုဘာလ ၁ ရက်တွင် စတင်မည်ဟု ဆိုထားသော်လည်း လက်ရှိအချိန်အထိ မဆောင်ရွက်နိုင်သေးသဖြင့် ရွှေ့ဆိုင်းလိုက်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

“ပရောဂျက်ထဲမှာပါတဲ့ ခြံစည်းရိုး ခတ်တဲ့လုပ်ငန်းကို အခုရက်ပိုင်းအထိ ဘာမှ မလုပ်နိုင်သေးဘူး။ လုပ်ငန်းအဆင့်ဆင့် လုပ်တဲ့အခါမှာ နှောင့်နှေးတာတွေ ရှိနေလို့ လုပ်ငန်း မစနိုင်သေးတာပါ။ ဒီလကုန်တော့ လုပ်နိုင်မယ်လို့ မှန်းထားတယ်”ဟု မြန်မာ့မီးရထား အကြီးတန်း အရာရှိတစ်ဦးက ဆိုသည်။

မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်ရာတွင် ရထားလမ်း၏ အရှေ့ခြမ်းဖြစ်သော မင်္ဂလာဒုံ၊ ပုရွက်ဆိတ်ကုန်း၊ ပုဇွန်တောင်၊ တညင်းကုန်း ဘူတာများကို အောက်တိုဘာလ ၁ ရက်တွင် စတင် အကာင်အထည် ဖော်မည်ဖြစ်ကြောင်း ဩဂုတ်လ ၂၅ ရက်၊ မြန်မာ့မီးရထား (အောက်မြန်မာပြည်) တွင် ရန်ကုန် မြို့ပတ်ရထား လမ်းပိုင်း အဆင့်မြှင့်ခြင်းနှင့်ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲတွင် စီမံကိန်းဥက္ကဋ္ဌ ဦးထွန်းအောင်သင်းက ပြောကြားခဲ့သည်။

အဆိုပါစီမံကိန်း အဆင့်မြှင့်တင်ရာတွင် နိုင်ငံတော်ဘတ်ဂျက် အမေရိကန် ဒေါ်လာ ၉၄ ဒသမ ၇၆ သန်း သုံးစွဲမည်ဖြစ်ပြီး ခြံစည်းရိုးခတ်ခြင်း၊ ရထားခုန်ခြင်း လျော့ကျရန် သံလမ်းများ ဆက်ခြင်း၊ သံဘောင်ပြုပြင်ခြင်း၊ ပလက်ဖောင်းမြှင့်ခြင်းများ ဆောင်ရွက်မည်ဖြစ်သည်။

မြို့ပတ်လမ်းပိုင်း အရှေ့လမ်းပိုင်း ဖြစ်သည့် တညင်းကုန်း-အင်းစိန် ဘူတာသည် ၃ ဒသမ ၇၅ မိုင်၊ တညင်းကုန်း-ပုရွက်ဆိတ်ကုန်း ဘူတာသည် ၇ ဒသမ ၂၅ မိုင်၊ ပုရွက်ဆိတ်ကုန်း-ပုဇွန်တောင် ၈ ဒသမ ၅ မိုင်၊ တညင်းကုန်း-မင်္ဂလာဒုံ ၄ ဒသမ ၇၅ မိုင်၊ မင်္ဂလာဒုံ-ပုရွက်ဆိတ်ကုန်း ၂ ဒသမ ၅ မိုင်ရှိကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

J-06

  • VIA