News

POST TYPE

NEWS

ပန်းဘဲတန်းမြို့နယ်ရှိ နောက်ဖေးလမ်းကြားတစ်ခုတွင် ဓာတ်ပုံဥယျာဉ်လုပ်ရန် စီစဉ်
16-Oct-2017 tagged as ရန်ကုန်

ရန်ကုန်၊ အောက်တိုဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ်ရှိ ၃၁ လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်း အလယ်ဘလောက်ရှိ နောက်ဖေးလမ်းကြားတွင် ဓာတ်ပုံများနှင့် အလှဆင်ထားသည့် ဥယျာဉ်တစ်ခု ပြုလုပ်ရန်စီစဉ်နေကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။

လူငယ်များ လေ့လာနိုင်ရန် ရည်ရွယ်၍ အဆိုပါ ဥယျာဉ်တွင် နှစ်ပေါင်းများစွာက ရိုက်ကူးထားသော ရန်ကုန်မြို့၏ ဓာတ်ပုံများကို ချိတ်ဆွဲပြသထားမည်ဖြစ်ကြောင်း ပန်းဘဲတန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောကြားသည်။ 

“ရန်ကုန်မြို့ရဲ့ ရှေးယခင်က ဓာတ်ပုံတွေကို တိုက်နံရံမှာ ချိတ်တာတို့ တခြား အလှဆင်တာတို့နဲ့လုပ်ပြီး ပြသသွားမယ်။ (Old Yangon) ရဲ့ပုံတွေပေါ့။ လူငယ်တွေအနေနဲ့ အရင်က ရန်ကုန်ရဲ့ပုံရိပ်တွေကို လေ့လာနိုင်ဖို့ အခုလို လုပ်ဆောင်တာပါ”ဟု ၎င်းက ဆိုသည်။

ဓာတ်ပုံဥယျာဉ်ကို ဒီဇင်ဘာလတွင် ဖွင့်လှစ်မည်ဖြစ်ပြီး လက်ရှိတွင် ပေ ၇၀ဝ ခန့်ရှိသော အဆိုပါ နောက်ဖေးလမ်းကြားတွင် အမှိုက်များ ရှင်းလင်းခြင်း၊ ကွန်ကရစ် ခင်းခြင်းများ စတင် ဆောင်ရွက်နေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

နောက်ဖေးလမ်းကြား ဥယျာဉ်များကို ဒို့အိမ်အမည်ရှိ အန်ဂျီအိုအဖွဲ့နှင့် ပူးပေါင်းဖော်ဆောင်နေခြင်းဖြစ်ပြီး ကုန်ကျစရိတ်ကို ဒို့အိမ်အဖွဲ့က ၈၀ ရာခိုင်နှုန်းနှင့် မြို့နယ် ရပ်မိရပ်ဖများက ၂၀ ရာခိုင်နှုန်း ကျခံခြင်းဖြစ်ကြောင်းနှင့် လတ်တလော ခန့်မှန်းကုန်ကျစရိတ် မထွက်ရှိသေးကြောင်း တိုင်းလွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။

ပန်းဘဲတန်းမြို့နယ်ရှိ ပြည်သူများ အပန်းဖြေနိုင်ရန် ၃၁ လမ်းနှင့် ၃၂ လမ်း (အလယ်ဘလောက်) ရှိ နောက်ဖေးလမ်းကြားနှင့် ၂၇ လမ်း (အောက်ဘလောက်) ရှိ နောက်ဖေးလမ်းကြားတို့တွင် နောက်ဖေးလမ်းကြား ဥယျာဉ်များကို ယခုနှစ်အတွင်း ဖော်ဆောင်ထားသည်။

J-10