News

POST TYPE

NEWS

ထားဝယ်ခရိုင်တွင် လူငယ် ၆၀ ရာခိုင်နှုန်းကျော် ပြည်ပရောက်
16-Oct-2017 tagged as ထားဝယ်


ထားဝယ်၊ အောက်တိုဘာ ၁၆

ထားဝယ်ခရိုင်အတွင်းရှိ အသက် ၁၅ နှစ်မှ ၂၄ နှစ်ကြားအရွယ် လူငယ်တစ်ရာဦးလျှင် ခြောက်ဆယ်ဦးမှာ ပြည်ပ ရောက်ရှိနေကြောင်း အောက်တိုဘာလ ၁၁ ရက်နေ့က ထုတ်ပြန်သည့် ကလေးသူငယ်နှင့် လူငယ် အကြောင်းအရာ သုတေသန စာတမ်းအရ သိရသည်။

ကလေးသူငယ်နှင့် လူငယ် အကြောင်းအရာ သုတေသန စာတမ်းကို ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များကို အခြေခံ၍ ပြုစုထားခြင်းဖြစ်ပြီး အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်သူ့အင်အား ဦးစီးဌာနက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ထားဝယ်ခရိုင်ရှိ အသက် ၁၅ နှစ်မှ ၂၄ နှစ်ကြားအရွယ် လူငယ် လေးသောင်းခွဲနီးပါး (၄၃,၄၄၉ ဦး) ပြည်ပတွင် ရောက် ရှိနေသည်။

၂၀၁၄ ခုနှစ်က ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းအရ ထားဝယ်ခရိုင်တွင် အသက် ၁၅ နှစ်မှ ၂၄ နှစ်ကြားအရွယ် လူငယ် ရှစ်သောင်းနီးပါး (၇၈,၃၅၀ ဦး) ရှိသည်။

“အဲဒါက ကောင်းတဲ့အလားအလာတော့ မဟုတ်ဘူး။ ဒီအရွယ်တွေက ပညာသင်ရမယ့်အရွယ်၊ ကျောင်းမှာပဲ ရှိနေရမယ့်အရွယ်တွေဖြစ်တယ်”ဟု ထားဝယ် လူငယ်အစည်းအရုံးဥက္ကဋ္ဌ ကိုကျော်မင်းထိုက်က ပြောသည်။

ပြည်ပတွင် လူငယ်များ ရောက်ရှိနေခြင်းမှာ အကြောင်း အမျိုးအမျိုးကြောင့်ဖြစ်နိုင်ပြီး အများစုသည် အလုပ်အကိုင် အခွင့်အလမ်းကြောင့် ဖြစ်နိုင်သည်ဟု ကိုကျော်မင်းထိုက်က ဆိုသည်။

ယင်းသို့ အခြေအနေမျိုး မဖြစ်စေရန် ပြည်တွင်းတွင် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ သင်ကြားပေးရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန် လိုအပ်ကြောင်း ၎င်းက အကြံပြုသည်။

ထားဝယ်ခရိုင်သည် တစ်နိုင်ငံလုံးရှိ ပြည်ပရောက် လူငယ် အများဆုံး ခရိုင်များအနက် ဒုတိယ အများဆုံးခရိုင်ဖြစ်ကြောင်း အဆိုပါ သုတေသနအရ သိရသည်။

အများဆုံးခရိုင်မှာ ကရင်ပြည်နယ်ရှိ ဘားအံခရိုင်ဖြစ်ပြီး အသက် ၁၅ နှစ်မှ ၂၄ နှစ်ကြားအရွယ် ၁၀ဝ ဦးလျှင် ၆၅ ဦး ပြည်ပတွင် ရောက်ရှိနေသည်။

တနင်္သာရီ တစ်တိုင်းလုံးတွင်မူ အသက် ၁၅ နှစ်မှ ၂၄ နှစ်ကြားအရွယ် လူငယ် ၁၀ဝ ဦးလျှင် ၃၀ ဦး ပြည်ပ ရောက်ရှိသည်။

Dawei Watch