News

POST TYPE

NEWS

ချင်းအမျိုးသားနေ့ ဟားခါးတွင် ကျင်းပမည်
16-Oct-2017 tagged as ကလေး

ကလေး၊ အောက်တိုဘာ ၁၆ 

နှစ် ၇၀ ပြည့်မြောက် ချင်းအမျိုးသားနေ့ကို မူလက ပလက်ဝမြို့တွင် ကျင်းပရန် စီစဉ်ထားသော်လည်း နေရေးထိုင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ချင်းအမျိုးသားနေ့ကို ဟားခါးမြို့တွင်သာ ကျင်းပမည်ဖြစ်ကြောင်း ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က ပြောကြားသည်။

“ပလက်ဝက လောလောဆယ် အခြေအနေမှာ သွားရေးလာရေး၊ နေရေးထိုင်ရေး အဆင်မပြေဘူး။ တံတားလည်း မပြီးသေးဘူး။ ပြီးတော့ ဘောလုံးကွင်းမှာ ပွဲလုပ်မယ်ဆိုတော့ လေယာဉ်ဆင်းဖို့လည်း နေရာ မရှိဘူး”ဟု ဝန်ကြီးက ဆိုသည်။ 

ယင်းကြောင့် ဟားခါးမြို့တွင်သာ ကျင်းပပြီး အဆင်ပြေသည့် ကာလမှာသာ ပလက်ဝမြို့တွင် ပြန်လည် ကျင်းပရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဆွေးနွေး ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

NLD ဦးဆောင်သည့် ချင်းအစိုးရ အဖွဲ့တက်လာပြီးနောက် ယခုနှစ်တွင် ချင်း အမျိုးသားနေ့ကို ပလက်ဝတွင် ကျင်းပမည် ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီး မကျင်းပ ဖြစ်ဘဲ ဖလမ်းမြို့တည်နှစ် ၁၂၅ နှစ်ပြည့် အထိမ်းအမှတ် ၆၉ နှစ်မြောက် ချင်းအမျိုးသားနေ့ကို ဖလမ်းတွင်သာ ကျင်းပခဲ့ကြောင်း၊ ယင်းကြောင့်ဒေသခံများအနေနှင့် ပလက်ဝမြို့တွင်သာ ပြန်လည် ကျင်းပရန် မျှော်လင့်လျက်ရှိကြောင်း ပလက်ဝမြို့ခံ ဦးပီတာ လွယ်လူးက ပြောကြားသည်။ 

“ကျွန်တော်တို့ အနေနဲ့တော့ ပလက်ဝမှာ လုပ်စေချင်တာပေါ့ဗျာ။ ပလက်ဝမြို့မှာ ကျင်းပစေချင်တာလည်း ပြည်သူတွေရဲ့ဆန္ဒက တော်တော်လေးကို ကြာပြီဗျာ။ သူတို့အနေနဲ့ ပြောထားတဲ့ စကားအပေါ် ပြောထားတဲ့အတိုင်း မလုပ်တာ စိတ်မကောင်းဘူး”ဟု ပလက်ဝမြို့နေ ဦးအိုက်ခင်က ဆိုသည်။ 

၁၉၅၀ ပြည့်နှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် ချင်းရေးရာ ကောင်စီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်ပြီး ၁၉၅၁ ခုနှစ်မှစ၍ မင်းတပ်မြို့တွင် ပထမအကြိမ် ချင်းအမျိုးသားနေ့ကို နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု တက်ရောက်ခဲ့ပြီး ၁၉၈၈ ခုနှစ်နောက်ပိုင်း ကျင်းပနိုင်ခြင်း မရှိခဲ့ကာ ၂၀၁၃ ခုနှစ်မှ စတင်၍ ပြည်နယ်အဆင့် ချင်းအမျိုးသားနေ့ကို ဟားခါးမြို့တွင် ပြန်လည် စတင်ကျင်းပခဲ့ကြောင်း ချင်းအမျိုးသားနေ့ မှတ်တမ်းများအရ သိရသည်။

R-20