POST TYPE

NEWS

ရန်ကုန်ဘူတာကြီးတွင် အကောက်ခွန်မဲ့ ပစ္စည်းများ ဖမ်းမိ
13-Oct-2017 tagged as ရန်ကုန်


ရန်ကုန်၊ အောက်တိုဘာ ၁၂

ရန်ကုန်ဘူတာကြီးတွင် အောက်တိုဘာလ ၁၂ ရက် နံနက် ၅ နာရီခန့်က အမှတ်(၂)စင်္ကြံသို့ ဆိုက်ကပ်လာသည့် အမှတ်(၃၆)အစုန်ကုန်တွဲ ရထားပေါ်မှ အကောက်ခွန်မဲ့ ပစ္စည်းများ ဖမ်းမိခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

မော်လမြိုင်မှ ရန်ကုန်သို့ ခုတ်မောင်းလာသည့် ကုန်တွဲရထားပေါ်တွင် အကောက်ခွန်မဲ့ ပစ္စည်းများပါရှိကြောင်း သတင်းအရ အကောက်ခွန် ဦးစီးဌာန၊ မြန်မာ့မီးရထား တာဝန်ရှိသူများက ရှာဖွေစစ်ဆေးရာ ကင်းမွန် (ငံပြာရည်) ဖာ ၁၀ဝ၊ ပုစွန်(ငံပြာရည်) ၁၀ဝ ဖာ၊ ကွင်းအချိုရည် ၃၀ဖာ၊ ဘာလီ အချိုရည် ၁၀ဝ ဖာ၊ လစ်ပိုအချိုရည် ၇၀ ဖာ၊ ဆောင်းဘောက် ၃၈ ဖာ၊ ဘေထုပ် (အဝတ်မျိုးစုံ) ၃၀ ထုပ်၊ အချိုမှုန့် ၆၆ ထုပ် တို့ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“ရထားပေါ် တင်ဆောင်ခတော့ ပေးဆောင်ထားတယ်၊ အခွန်ဆောင်ထားတဲ့ အထောက်အထား မရှိတဲ့အတွက် ဖမ်းတာပါ၊ အဲဒီပစ္စည်းတွေက သထုံဘူတာကနေ တင်လိုက်တာ၊ ရဲစခန်းကိုတော့ အမှုဖွင့် တိုင်ကြားတာ မရှိဘူး၊ ပိုင်ရှင်မဲ့နဲ့ပဲ သိမ်းဆည်းထားတယ်၊ ပစ္စည်းအားလုံးရဲ့ တန်ဖိုးကတော့ အကောက်ခွန်ဌာနကပဲ သိပါလိမ့်မယ်၊ ရဲတပ်ဖွဲ့အနေနဲ့ကတော့ သိမ်းဆည်းတဲ့ပစ္စည်းတွေ ပျောက်ပျက်မသွားအောင် လုံခြုံရေးတော့ ဆောင်ရွက်ပေးလိုက်ရတယ်”ဟု ရန်ကုန်ဘူတာကြီး မီးရထားရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

ယင်းသိမ်းဆည်း ရမိသော ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့ပြီး ပြန်လည် လေလံတင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနထံမှ  သိရသည်။

J-16