POST TYPE

NEWS

ကုန်တင်/ချ ကားဝင်းမရှိ၍ ကုန်ကားလုပ်ငန်းရှင်များ အခက်ကြုံ
13-Oct-2017 tagged as တောင်ငူ

တောင်ငူ၊ အောက်တိုဘာ ၁၂

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ လမ်းမကြီးအချို့နှင့် ကျုံးဟောင်းတစ်ဝိုက်တွင် ကုန်တင်ယာဉ်ကြီးများနှင့် ခရီးသည်တင်ယာဉ်များ ဝင်/ထွက်ခွင့် ပိတ်လိုက်သည့်အခါ ကုန်တင်ကားကြီးများအတွက် ကုန်တင်၊ ကုန်ချ သီးသန့် ကားဝင်းနေရာလည်း မရှိသဖြင့် အခက်အခဲ ကြုံနေရကြောင်း တောင်ငူမြို့ခံ ကုန်တင်ကားကြီး လုပ်ငန်းရှင်များထံမှ သိရှိရသည်။

မြို့တွင်းကျုံး ဧရိယာအတွင်း သုံးတန်အထက် ကုန်တင်ယာဉ်ကြီး ဝင်/ထွက်ခွင့် ပိတ်သိမ်းလိုက်သည့်အပြင် ခရီးသည်တင်ယာဉ်များနှင့် မှန်လုံမီနီဘတ်စ်ယာဉ်များသည် နံနက် ၆ နာရီမှ ညနေ ၆ နာရီ အတွင်း ဝင်ရောက်ခွင့်မရှိဘဲ ယခုတစ်လလုံး ပညာပေးကာလ သတ်မှတ်ပြီးပါက နိုဝင်ဘာလ ၁ ရက်တွင် ဖမ်းဆီး အရေးယူမည် ဖြစ်ကြောင်း တောင်ငူမြို့နယ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေး ကော်မတီထံမှ သိရှိရသည်။

“တောင်ငူမှာ ကုန်တင် ကုန်ချကား ဝင်းမရှိတဲ့အပြင် လမ်းပိတ်ဆို့တယ်ဆိုတာ ကားတွေကြောင့် တစ်ခုတည်း မဟုတ်ဘူး။ လမ်းပေါ်တက်ကျူးပြီး ဆိုင်ဖွင့်ထားသူတွေကြောင့်လည်း ပါတယ်။ ခုလို ဝင်/ထွက်ခွင့် ပိတ်ပင်ဖို့ လုပ်ကြမယ်ဆိုရင် ကုန်တင်ကားကြီး လုပ်ငန်းရှင်တွေ၊ ကုန်တင်ကား ဂိတ်ပိုင်ရှင်တွေကိုလည်း ခေါ်ယူဆွေးနွေး ညှိနှိုင်းပြီးမှ လုပ်ဖို့သင့်တယ်”ဟု ကုန်တင်ယာဉ် လုပ်ငန်းပိုင်ရှင် ဦးစိုးလွင်ဦးက ပြောကြားသည်။

တောင်ငူမြို့ အမှတ် ၁၆ ရပ်ကွက် မြို့မဈေးကြီး အနီးတစ်ဝိုက် လမ်းမများပေါ်တွင် ၃ တန်အထက် ကုန်တင်ယာဉ်များကို ဝင်ရောက်ခွင့် ပိတ်ပင်ထားသော်လည်း စည်းကမ်းပျက် ကုန်တင်ယာဉ်များနှင့် ဆိုင်ရှေ့ ပလက်ဖောင်းပေါ်တွင် ဈေးရောင်းချသူများကြောင့် နေ့စဉ် ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်နေသည်မှာ လေးနှစ်နီးပါး ရှိနေကြောင်း မြို့ခံများထံမှသိရသည်။

တောင်ငူမြို့ လူစည်ကားရာ ဈေးလမ်း၊ နံပါတ် ၁ လမ်း၊ နံပါတ် ၆ လမ်း၊ ကုန်သည်ကြီးလမ်း၊ နံပါတ် ၇ လမ်းနှင့် ဗိုလ်မှူး ဖိုးကွန်းလမ်း ကဲ့သို့သော မြို့တွင်း လမ်းမကြီးများပေါ်တွင် သုံးတန်အထက် မော်တော်ယာဉ်များ ဝင်ရောက်ခွင့် မြို့နယ် ယာဉ်စည်းကမ်း ကြီးကြပ်ရေးအဖွဲ့က ၂၀၁၅ ခုနှစ်ခန့်က ပိတ်ပင်ထားသော်လည်း ကုန်တင်၊ ကုန်ချ မော်တော်ယာဉ်ကြီးများက စည်ကမ်း မလိုက်နာကြောင်း ဒေသခံများက ပြောဆိုသည်။ 

တောင်ငူမြို့ မြောက်ဘက်အထွက် လက်ရှိ စီးပွားရေး လုပ်ငန်းရှင် ဦးအောင်မိုးကျော်ကို ချထားပေးသည့် စာကျက်မြေ ၁၅၇ ဧကကို စီမံကိန်း အကောင်အထည် မဖော်သဖြင့် ပြန်လည် သိမ်းယူပြီး ကုန်တင် ကုန်ချကားဂိတ်နှင့် ယာဉ်ရပ်နားစခန်းတစ်ခု ဖွင့်လှစ်ပေးရန် ယခုနှစ် ဇန်နဝါရီလတွင်းက တင်ပြတောင်းဆိုထားကြောင်း ယာဉ်ပိုင်ရှင်ကြီးတစ်ဦးက ဆိုသည်။

R-15