News

POST TYPE

NEWS

အလုံပိတ် အအေးဆိုင်ရှင်များကို ကျပ်နှစ်သိန်းစီ ဒဏ်ရိုက်
13-Oct-2017 tagged as မန္တလေး

မန္တလေး၊ အောက်တိုဘာ ၁၂

ချမ်းမြသာစည်မြို့နယ် ကန်တော်ကြီးပတ်လမ်းတွင် ဖွင့်ထားသော အလုံပိတ် အအေးဆိုင်သုံးခုမှ ဆိုင်ရှင်များကို ကျပ်နှစ်သိန်းစီ ဒဏ်ရိုက် အရေးယူထားကြောင်း မြို့တော် စည်ပင်သာယာရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။

“ကျွန်တော်တို့ ဖမ်းတယ်ဆိုတာက အအေးဆိုင်ဖွင့်လို့ ဖမ်းတာ မဟုတ်ပါဘူး။ အအေးဆိုင်ကိုဗန်းပြပြီး လူငယ်စုံတွဲတွေ မဟုတ်တာ လုပ်နိုင်အောင် စီမံထားတဲ့ ဆိုင်တွေကို အရေးယူတာပါ”ဟု စည်ပင်သာယာရေး ရဲတပ်ဖွဲ့မှူး ရဲမှူးငြိမ်း ချမ်းအောင်က ပြောကြားသည်။

အဆိုပါ အအေးဆိုင်များကို အောက်တိုဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီခန့် အချိန်က မြို့တော် စည်ပင်သာယာရေး ရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ရှောင်တခင် ဝင်ရောက် စစ်ဆေးကာ ဖမ်းဆီး အရေးယူခဲ့ခြင်းဖြစ်သည်။

ဆိုင်ရှင် အမျိုးသမီး သုံးဦးကို စည်ပင်သာယာရေး ဥပဒေပုဒ်မ ၁၁၈ အရ ဒဏ်ငွေ နှစ်သိန်းကျပ်စီ ပေးဆောင်ရန် စည်ပင်သာယာရေး တရားရုံးက အောက်တိုဘာလ ၁၁ ရက်နေ့တွင် အမိန့်ချခဲ့ပြီး ယင်းအလုံပိတ်ခန်းများကို ဖျက်သိမ်းရန်လည်း ညွှန်ကြားထားသည်။

ယင်းညွှန်ကြားချက်ကို ချိုးဖောက်ပါက စည်ပင်သာယာရေး ဥပဒေပုဒ်မ ၁၁၉ ဖြင့် ထပ်မံ တရားစွဲဆိုမည်ဖြစ်ကြောင်း ရဲမှူး ငြိမ်းချမ်းအောင်က ထပ်လောင်း ပြောကြားသည်။

စည်ပင်သာယာရေး ရဲတပ်ဖွဲ့အနေနှင့် ၂၀၁၇ ခုနှစ်အတွင်း အလုံပိတ်တဲများ ထည့်သွင်း တည်ဆောက် လုပ်ကိုင်နေသည့် အအေးဆိုင်၊ ကော်ဖီဆိုင်တို့ကို အရေးယူခဲ့သည့်အမှု ရှစ်မှုအထိ ရှိနေကြောင်း ယင်းရဲတပ်ဖွဲ့၏ စာရင်းများအရ သိရသည်။

၂၀၁၆ ခုနှစ်အတွင်းကလည်း အချိန်ပိုင်းနှင့် ငှားရမ်းသည့် အလုံပိတ် အအေးခန်းများ ပိတ်သိမ်းခဲ့သည့်အမှု ၂၀ ကျော်ရှိခဲ့သည်။ 

M-04