News

POST TYPE

NEWS

မန္တလေးတွင် စံချိန်တင်မိုးရွာ၊ မြို့နယ် အများစုရေလျှံ
13-Oct-2017 tagged as မန္တလေး


မန္တလေး၊ အောက်တိုဘာ ၁၂

မန္တလေးမြို့တော်၌ အောက်တိုဘာလ ၁၁ ရက်နေ့ ညနေပိုင်းက စတင် ရွာသွန်းခဲ့သည့် မိုးသည် ရှစ်နှစ်အတွင်း စံချိန်တင် ရွာသွန်းခဲ့သော မိုးဖြစ်ကြောင်း မန္တလေးတိုင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး  ဦးသန်းဇော်က ပြောကြားသည်။

“Record ကျိုးသွားတာပေါ့ဗျာ။ မိုးက တော်တော်လည်း များပါတယ်။ ၂၀၁၀ အောက်တိုဘာလမှာ စံချိန်တစ်ခုရှိတယ်။ အဲ့ဒီစံချိန်ကလည်း ရှစ်နှစ်အကြာမှာ ကျိုးသွားတယ်”ဟု ၎င်းက ပြောဆိုသည်။

၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ အတွင်းက ၅ ဒသမ ၁၂ လက်မအထိရွာ သွန်းခဲ့သည့် မိုးရေချိန်သည် အမြင့်ဆုံး စံချိန် ဖြစ်ခဲ့သော်လည်း ယခုတစ်ကြိမ် ရွာသွန်းသည့်မိုးသည် ယင်းစံချိန်ကိုချိုးသွား ခဲ့ပြီး စံချိန်သစ် တင်သွားခဲ့သည်ဟု  ဦးသန်းဇော်က ရှင်းပြသည်။

အောက်တိုဘာလ ၁၁ ရက်နေ့ ညနေ ၆ နာရီခန့်အချိန်က စတင်ရွာသွန်းခဲ့သောမိုးသည် ညလယ်ပိုင်းတွင် ရပ်နားခဲ့သော်လည်း အောက်တိုဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ပြန်လည် ရွာသွန်းခဲ့သောကြောင့် မန္တလေး မြို့တော်အနှံ့ ရေကြီးရေလျှံဖြစ်ခဲ့ပြီး ဒေသခံများအနေနှင့် သွားလာရေး အခက်အခဲဖြစ်ခဲ့ရကာ မီးသတ်တပ်ဖွဲ့ဝင်များက ကူညီပေးခဲ့ရသည်။

တစ်ညလုံးနီးပါး ရွာသွန်းခဲ့သည့်မိုးကြောင့် မန္တလေးမြို့၏ မိုးရေချိန်အမှတ်သည် အောက်တိုဘာလ ၁၂ ရက်နေ့ နံနက်ပိုင်း တိုင်းတာချက်အရ ၅ ဒသမ ၁၆ လက်မအထိရှိခဲ့ပြီး မိုးလေဝသစခန်း ဖွင့်ခဲ့သည့် ၇၁ နှစ်အတွင်း အောက်တိုဘာလ၏ အမြင့်ဆုံး မိုးရေချိန်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန မှတ်တမ်းအရ သိရသည်။

ယင်းသို့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အောက်တိုဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးမြို့တော်အတွင်းရှိ အဓိက လမ်းမကြီးများနှင့် လမ်းသွယ်များ၊ ရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ခဲ့ရပြီး ချမ်းမြသာစည်၊ မဟာအောင်မြေ၊ ချမ်းအေးသာစံ၊ အောင်မြေသာစံ၊ အမရပူရ၊ ပြည်ကြီးတံခွန်တို့ရှိ လူနေအိမ်များအတွင်းသို့လည်း ရေဝင်ခဲ့သောကြောင့် ဒေသခံများ အခက်အခဲဖြစ်ခဲ့ရကြောင်း ရပ်ကွက်ဒေသခံများက ပြောဆိုသည်။

မန္တလေးမြို့ခံများ အဓိကထား အသုံးပြုကြရသည့် ၇၃ လမ်း၊ ၇၆ လမ်း၊ ၇၈ လမ်း၊ ၃၅ လမ်း၊ လမ်း ၃၀၊ သိပ္ပံလမ်းမကြီးစသော အဓိက လမ်းမကြီးများနှင့် ၇၁ လမ်း၊ ၇၂ လမ်းကြားရှိ ၂၇ လမ်း၊ ၂၈ လမ်း၊ ၂၉ လမ်း စသည့်လမ်းများနှင့် လမ်းသွယ်များ ရေဖုံးလွှမ်းခဲ့ပြီး နေအိမ်များအတွင်းသို့လည်း ရေဝင်ခဲ့ကြောင်း၊ မွန်း လွဲ ၂ နာရီခန့်အချိန်တွင် ရေကျဆင်းနေပြီ ဖြစ်သော်လည်း ၇၃ လမ်းနှင့် ၇၆ လမ်း တို့တွင်မူ ရေမကျသေးဘဲ အောက်တိုဘာလ ၁၂ ရက်နေ့ ညနေ လေးနာရီခန့်က စတင်ကာ မိုးထပ်ရွာသောကြောင့် လမ်းမများပေါ် ရေပြန်တက်လာကြောင်း မြို့ခံများထံမှ သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းသည့် အခါတိုင်း မန္တလေးမြို့၏လမ်းမများ ရေလွှမ်းခံရသည်မှာ လမ်းဘေးရေမြောင်းများကို စနစ်တကျ မတည်ဆောက်ခဲ့ခြင်းနှင့် ဖောက်လုပ်ထားသည့် မြောင်းများအတွင်း အမှိုက်များ စွန့်ပစ်မှုများကြောင့် ဖြစ်ကြောင်း မန္တလေးမြို့ခံများက ပြောဆိုသည်။

“ဒီမြောင်းတွေနဲ့ကတော့ ဒီလိုပဲ နှစ်တိုင်းဖြစ်နေမှာ။ တချို့မြောင်းတွေကျတော့လည်း အမှိုက်တွေနဲ့ ပိတ်နေတာ။ ဒါတွေကို ပြင်နိုင်မှပဲ အခုလိုမဖြစ်မှာ”ဟု ချမ်းမြသာစည်မြို့နယ် (တ) ရပ်ကွက်တွင် နေထိုင်သည့် အသက် ၄၀ ခန့်အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။

မြို့တော်စည်ပင်သာယာရေး ကော်မတီအနေနှင့် ရေမြောင်းများကို နေ့စဉ် ဆယ်ယူရှင်းလင်းကာ ရေစီးဆင်းနိုင်အောင် ပြုလုပ်နေသော်လည်း  စနစ်မကျသည့် ရေမြောင်းများကို ပြင်ဆင် တည်ဆောက်ရန်မှာမူ ငွေကြေး အများအပြား သုံးစွဲရမည့်လုပ်ငန်းစဉ်ဖြစ်သည့်အတွက် လက်ရှိတွင် လုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း မန္တလေးမြို့တော် စည်ပင်ကော်မတီဝင် ဦးကျော်ဇောအောင်က ပြောကြားသည်။

“မြို့တွင်းက ရေမြောင်းတွေကို ပြင်ဆင်ဖို့ကတော့ ဘဏ္ဍာငွေ အမြောက်အမြား သုံးစွဲရမယ့်ကိစ္စဖြစ်ပါတယ်။ ဒါကို  ကျွန်တော်တို့ စည်ပင်သာယာအနေနဲ့ မလုပ်နိုင်သေးပါဘူး။ အခုလောလောဆယ်မှာ ပင်မရေမြောင်းကြီးတွေ ရေစီး အားကောင်းအောင် အတတ်နိုင်ဆုံး လုပ်ပေးနေပါတယ်။ အရမ်းဆိုးလာရင် စက်တွေနဲ့ စုပ်ထုတ်ပေးနိုင်အောင်လည်း အသင့်ပြင်ဆင်ထားပါတယ်”ဟု ၎င်းက ပြောဆိုသည်။           

M-04