News

POST TYPE

NEWS

ရှမ်းပြည်နယ် လွှတ်တော်ရုံး အကြီးတန်းစာရေးကို အငယ်တန်းစာရေးက ဓားဖြင့်ထိုးသတ်
ရန်ကုန်၊ အောက်တိုဘာ ၁၃ 

ရှမ်းပြည်နယ် လွှတ်တော်ရုံးမှ အကြီးတန်းစာရေးဖြစ်သူ ကိုစိုးမင်းအောင်ကို အကြွေးငွေ ကျပ် ၁၄ သိန်း ပြန်မဆပ်နိုင်သည့် အငယ်တန်းစာရေးဖြစ်သူ ညီညီထွန်း ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

သေဆုံးသူ အကြီးတန်းစာရေး ကိုစိုးမင်းအောင်မှာ အောက်တိုဘာလ ၁၀ ရက် မွန်းလွဲပိုင်းက ၎င်း ရစရာရှိသည့် အကြွေးငွေ ကျပ် ၁၄ သိန်းကို ပြန်ဆပ်ရန် ဖုန်းဆက်ခေါ်သည့် ရှမ်းပြည်နယ် လွှတ်တော်ရုံး အုပ်ချုပ်/ထောက်ပံ့ဌာန အငယ်တန်းစာရေးဖြစ်သူ အသက် ၂၆ နှစ် ညီညီထွန်းထံ သွားရောက် တွေ့ဆုံရာမှ ပျောက်ဆုံးခဲ့သူဖြစ်သည်။ 

အဆိုပါ ပျောက်ဆုံးခဲ့သူ ကိုစိုးမင်းအောင်၏ ရုပ်အလောင်းကို အောက်တိုဘာလ ၁၂ ရက်နေ့တွင် ရွှေဘုန်းပွင့်ဘုရားအတက်လမ်းရှိ ညာဘက်လမ်းကြားတွင် မှောက်လျက် အနေအထားဖြင့် သေဆုံးနေသည်ကို တောင်ကြီးဆေးတက္ကသိုလ်မှ ဝန်ထမ်းတစ်ဦးက စတင်မြင်တွေ့ခဲ့ပြီး ရဲတပ်ဖွဲ့ထံ ဖုန်းဆက် အကြောင်းကြားသဖြင့် သွားရောက် စစ်ဆေးခဲ့ရာ ထိုးသွင်းဒဏ်ရာ ရှစ်ချက်ဖြင့် သေဆုံးနေသော ကိုစိုးမင်းအောင်နှင့် အလောင်း၏ဘေးတွင် ၎င်း၏ မော်တော်ဆိုင်ကယ်တစ်စီးကို တွေ့ရှိခဲ့သည်။ 

အမှုမှ မသင်္ကာသူ ညီညီထွန်းကို ယင်းည ၁၀ နာရီတွင် ၎င်းနေအိမ်၌ တွေ့ရှိခဲ့ပြီးနောက် စစ်ဆေးရာ သေဆုံးသူ ကိုစိုးမင်းအောင်ကို အကြွေးငွေကျပ် ၁၄ သိန်းပေးရန် ရှိသဖြင့် အောက်တိုဘာလ ၁၀ ရက် မွန်းလွဲပိုင်းက ဖုန်းဖြင့်ဆက်သွယ်၍ အခင်းဖြစ်နေရာတွင် တွေ့ဆုံရန် ချိန်းဆိုခဲ့ကြောင်း ညီညီထွန်း၏ ဝန်ခံထွက်ဆိုချက်အရ သိရသည်။ 

ယင်းနောက် ညီညီထွန်းမှ မြို့ပတ်ကားစီးပြီး အခင်းဖြစ်နေရာသို့ သွားရောက်၍ ကိုစိုးမင်းအောင်နှင့် တွေ့ဆုံ စကားပြောစဉ် အကြွေးကိစ္စနှင့်ပတ်သက်ပြီး နှစ်ဦး အချင်းများရာမှ အသင့် ယူဆောင်လာသည့် ဓားမြှောင်ဖြင့် ၎င်းက ကိုစိုးမင်းအောင်အား ဆင့်ထိုးသတ်ခဲ့ကြောင်း၊ ညီညီထွန်း ဝတ်ဆင်ထားသည့် အင်္ကျီနှင့် ဘောင်းဘီတွင် သွေးများ ပေကျံခဲ့သောကြောင့် အသင့်ယူလာသော အဝတ်အစားများနှင့် လဲလှယ်ဝတ်ဆင်ပြီး သေဆုံးသူ၏ လက်ကိုင်ဖုန်းကို ယူဆောင်၍ တောင်ကြီး-ဟိုပုံးသွား ကားလမ်းမှ မြို့ပတ်ကားစီးကာ ကျောင်းကြီးစု ရပ်ကွက်၊ ဝါးပြားလမ်းဆုံအနီးရှိ ဂနိုင်ကန် အရောက်တွင် ကားပေါ်မှဆင်းပြီး လက်ကိုင်ဖုန်းနှင့် ဓားမြှောင်တို့ကို ကန်အတွင်း စွန့်ပစ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
 
လူသတ်မှု ကျူးလွန်ခဲ့သည်ဆိုသော ညီညီထွန်းကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားပြီး သက်သေခံ ပစ္စည်းများ သိမ်းဆည်းရမိရေးအတွက် ရဲတပ်ဖွဲ့မှ လိုက်လံရှာဖွေလျက်ရှိကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

S-03