News

POST TYPE

NEWS

မွန်ရိုးရာအထည် ဈေးကွက် နေရာရလာ

မော်လမြိုင်၊ အောက်တိုဘာ ၁၂

မွန်ရိုးရာအထည်များကို ဝတ်ဆင်သူ များပြားလာပြီး ဈေးကွက်တွင် နေရာရလာသည်ဟု မွန်ရိုးရာအထည် ထုတ်လုပ် ဖြန့်ချိရောင်းချနေသူတို့ထံမှ သိရသည်။

မွန်ရိုးရာအထည်များသည် ယခင်ကထက် အရည်အသွေး၊ အရောင်အဆင်း ကောင်းမွန်လာခြင်းနှင့် တိုင်းရင်းသားရိုးရာ အထည်များအပေါ် စိတ်ဝင်စားမှု များလာခြင်းကြောင့် ဈေးကွက်တွင် နေရာရလာပြီး တစ်နှစ်ထက် တစ်နှစ် ရောင်းအား ပိုကောင်းလာ သည်ဟု “မွန်တို့မြေ” မွန်ရိုးရာ အထည်ထုတ်လုပ်ရေးမှ ဒါရိုက်တာ မိမရမိုးက ပြောသည်။

“အစ်မ စလုပ်တုန်းကဆိုရင် ကျွန်မအထည်လေး တင်ပေးပါပေါ့နော်၊ ဆိုင်တွေက မတင်ဘူး၊ ငြင်းပယ်တာမျိုး ကြုံခဲ့ရတယ်၊ အခု ဒီတစ်နှစ် နှစ်အတွင်းမှာဆိုရင် မွန်ထမိန်မတင်လို့ မရဘူး မွန်ထမိန်ကပဲ အရောင်း သွက်တယ်ဆိုတာမျိုး ပြောင်းပြန်ဖြစ်သွားတယ်၊ ဈေးကွက်ဝယ်လိုအား များလာတယ်၊ မွန်အထည်ကို တစ်ခါမှ တင်မရောင်းဖူးတဲ့ဆိုင်တွေတောင် တင်ရောင်းလာကြတယ်။ အဲလောက်ထိ တိုးတက်လာတာ တွေ့ရတယ်” ဟု မိမရမိုးက ပြောသည်။

မွန်ရိုးရာအထည်များကို ယခင်က မွန်ပြည်နယ်အတွင်း၌သာ ဖြန့်ဖြူး ရောင်းချခဲ့ကြသော်လည်း ယခုအခါ မြန်မာပြည်နယ်အနှံ့ ဖြန့်ဖြူးရောင်းချနေသည်ဟု ၎င်းက ဆက်ပြောသည်။

“အခုနောက်ပိုင်း မွန်ထည်တွေ တော်တော်လေးကို ရောင်းအားကောင်းလာတယ်၊ စက်ယက်တွေက ပိုရောင်းရတယ်၊ မွန်မှာယက်တဲ့ လက်ယက်တွေလည်း ရှိပါတယ်”ဟု မော်လမြိုင်ဈေးကြီးမှ အထည်ဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။

ဈေးကွက်ရလာသည်နှင့်အမျှ မွန်ရိုးရာ အထည်ထုတ်လုပ်သည့် လုပ်ငန်းလည်း များလာကာ လက်ရှိတွင် မွန်ပြည်နယ်အတွင်း၌ ကိုယ်ပိုင်တံဆိပ်ဖြင့် မွန်ရိုးရာအထည် ထုတ်လုပ်သည့်လုပ်ငန်း ၁၅ ခုခန့် ရှိသည်။

ပွင့်လင်းရာသီဖြစ်သည့် သီတင်းကျွတ်နှင့် တန်ဆောင်မုန်းလတို့တွင် ရောင်းအားအကောင်းဆုံးဖြစ်ပြီး မွန်ရိုးရာ အရောင်ဖြစ်သည့် အနီရောင်သည် အရောင်းရဆုံးဟု မွန်ရိုးရာ အထည်ရောင်းချနေသူတို့က ပြောသည်။

“လက်ယက်တွေကတော့ စက်လောက် မသေသပ်ဘူး၊ ပြီးတော့ ဈေးလည်းကြီးတယ်၊ မန္တလေးယက်တွေက ဒီဇိုင်းလည်း စုံတယ်၊ စက်နဲ့ဆိုတော့ သေသပ်တယ်၊ ရိုးရာလက်ယက်ကျတော့ ရှိတော့ရှိတယ်၊ ရှားသွားပြီး၊ မန္တလေးမွန်ထည်ကတော့ ဈေးကွက် တစ်ခု ဖြစ်နေပြီ”ဟု “ဒေါ်လှကျင်/ရွှေယက္ကန်း” ချည်ထည် အမျိုးမျိုး ရောင်းဝယ်ရေးမှ ဒေါ်မေစန်းက ပြောသည်။

မွန်ရိုးရာအထည်များသည် ချည်အမျိုးအစားပေါ် မူတည်ပြီး ဈေးနှုန်း ကွာခြားမှုရှိကာ အနိမ့်ဆုံးဈေး ကျပ် ၅၀၀၀ မှ အမြင့်ဆုံးဈေး ကျပ်တစ်သိန်းကျော်ထိ ရှိသည်ဟု မွန်ရိုးရာ အထည်ထုတ်လုပ်ရောင်းချနေသူတို့ထံမှ သိရသည်။

မွန်ရိုးရာ အထည်များသည် မွန်ရိုးရာ အမျိုးသားဝတ်စုံကို စတင် သတ်မှတ်ခဲ့သည့် ၁၉၇၁ ခုနှစ် ကာလဝန်းကျင်က မွန်ရိုးရာဝတ်စုံကို မွန်အမျိုးသားတို့အတွက် နေ့ထူးနေ့မြတ်များဖြစ်ကြသည့် မွန်အမျိုးသားနေ့ကဲ့သို့ နေ့မျိုးတွင်သာ ဝတ်ဆင်လေ့ရှိပြီး ယခုခေတ်တွင် နေရာတိုင်း ကျယ်ကျယ်ပြန့်ပြန့် ဝတ်ဆင်လာကြသည်ကို တွေ့ရှိရသည်။

Dawei Watch