News

POST TYPE

NEWS

ဦးသိန်းစိန်နှင့် ယခင်အစိုးရအဖွဲ့ဝင်များကို NCA ၂နှစ်ပြည့် အခမ်းအနားသို့ ဖိတ်ကြား
12-Oct-2017 tagged as NCA

ရန်ကုန်၊ အောက်တိုဘာ ၁၂

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း ၂ နှစ်မြောက် အခမ်းအနားသို့ သမ္မတ(ငြိမ်း) ဦးသိန်းစိန်နှင့် ယခင်အစိုးရအဖွဲ့ဝင်များ အားလုံး တက်ရောက်ရန် နိုင်ငံတော်အတိုင်ပင်ခံက ဖိတ်ကြားထားကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီထံမှ သိရသည်။

အဆိုပါ အခမ်းအနားသို့ တက်ရောက်ရန် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌအဖြစ် တာဝန်ယူလျက်ရှိသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးကို ရှေးရှု၍ ချစ်ခင်လေးစားစွာဖြင့် တက်ရောက်ပေးရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ (ဟောင်း) များ အပါအဝင် အဖွဲ့ဝင် (ဟောင်း)များကို ဖိတ်ကြားထားသည်။

ထိုကဲ့သို့ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း ၂ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားသို့ တက်ရောက်ရန် နိုင်ငံတော်သမ္မတ (ငြိမ်း)ဦးသိန်းစိန်၊ ဒုသမ္မတ (ငြိမ်း) ဦးဉာဏ်ထွန်း၊ ဒု-သမ္မတ (ငြိမ်း) ဒေါက်တာစိုင်းမောင်ခမ်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ (ငြိမ်း) ဦးခင်အောင်မြင့်၊ ဒုတိယ ဗိုလ်ချုပ်ကြီးကိုကို (ငြိမ်း)၊ ဦးအောင်မင်း၊ ဒေါက်တာထွန်းရင် အပါအဝင် ယခင် ပြည်ထောင်စုဝန်ကြီး (ငြိမ်း) များ အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် ဝန်ကြီးချုပ် (ငြိမ်း) များကို တက်ရောက်ရန် ဖိတ်ကြားသည့် ဖိတ်စာတွင် ဖော်ပြထားသည်။

အဆိုပါ အခမ်းအနားကို အောက်တိုဘာလ ၁၅ ရက်တွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁)၌ ကျင်းပရန် စီစဉ်ထားပြီးဖြစ်သည်။

နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန် အစိုးရလက်ထက်၌ NCA စာချုပ်ကို ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) စသည့် တိုင်းရင်းသား လက်နက်ကိုင် ရှစ်ဖွဲ့ လက်မှတ်ရေးထိုးထားသည်။

J-07