POST TYPE

NEWS

တိုင်းရင်းဆေးရုံတွင် အထက်တန်းသူနာပြု ခြိမ်းခြောက် လည်ပင်းညှစ်ခံရ
12-Oct-2017 tagged as ရန်ကုန်

ရန်ကုန်၊ အောက်တိုဘာ ၁၁

ရန်ကုန် တိုင်းရင်းဆေးရုံကြီးတွင် တာဝန် ထမ်းဆောင်နေသော အထက်တန်းသူနာပြု ဆရာမတစ်ဦးကို တရားဝင် ကွာရှင်းထားသော အသက် ၃၃ နှစ်အရွယ် ခင်ပွန်းက လာရောက်ခြိမ်းခြောက်ကာ လည်ပင်းညှစ်ခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။ 

ဗဟန်းမြို့နယ်၊ အလယ်ရွှေဂုံတိုင်ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်း၊ နှင်းဆီကုန်းဘိုးဘွားရိပ်သာဝင်းတွင်နေထိုင်သူ အသက် ၃၁ နှစ်အရွယ် ဒေါ်မြစန္ဒာဝင်းသည် အောက်တိုဘာလ ၉ ရက် ညနေ ၃ နာရီခန့်က ရန်ကုန် တိုင်းရင်းဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေစဉ် တရားဝင် ကွာရှင်းထားပြီးဖြစ်သော ခင်ပွန်းဖြစ် သူရောက်ရှိလာပြီး “နင့်ကို ငါသတ်မယ်”ဟု ခြိမ်းခြောက် ပြောဆိုနေသဖြင့် ယောက္ခမ ဖြစ်သူကို ဖုန်းဆက်ခေါ်ပြီး ပြသရာမှ လည်ပင်း ညှစ်ခံခဲ့ရခြင်းဖြစ်ကြောင်း အမှုဖွင့် တိုင်ကြားချက်အရ ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“လင်မယားအဖြစ်ကနေ တရားဝင် ကွာရှင်းထားပြီးသားပါ၊ ဆေးရုံမှာ တာဝန် ထမ်းဆောင်နေတာဖြစ်လို့ ခဏခဏ လာပြဿနာရှာမှာ ကြောက်တာရယ်၊ ဆေးရုံ တာဝန်ထမ်းဆောင်နေချိန်မှာ ခြိမ်းခြောက်တာရယ်ကြောင့် အမှုဖွင့်ခဲ့တာ၊ လည်ပင်းညှစ်တဲ့အချိန်မှာ သူ့ယောက္ခမက ဝင်ရောက် ဖျန်ဖြေလို့ ထွက်ပြေးခွင့် ရခဲ့တာ၊ အိမ်ပြန်ဖို့ပါ ကြောက်နေလို့ သူ့အဒေါ်က လာခေါ်ရတယ်လို့ အမှုဖွင့် တိုင်ကြားထားတယ်”ဟု ရဲအရာရှိတစ်ဦးက ရှင်းပြသည်။ 

လည်ပင်းညှစ်ခံရမှုကြောင့် ဘယ်ပခုံး နာကျင်ဒဏ်ရာ ရရှိပြီး ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ တက်ရောက်ကုသမှု ခံယူခဲ့ရပြီး ပြစ်မှုကျူးလွန်သည်ဟုဆိုသော အသက် ၃၃ နှစ်အရွယ် စောထူးဝင်းကို ဥပဒေအရ အရေးယူပေးရန် တိုင်ကြားခဲ့သဖြင့် ဗဟန်းမြို့မရဲစခန်းက (ပ) ၄၄၀/ ၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၅၄/ ၃၃၂/ ၅၀၆ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားသည်။