News

POST TYPE

NEWS

ဆင့်ပွားဈေးကွက်စနစ် MLM နှင့် သတိပြုရမည့် လုပ်ငန်းများအကြောင်း အစိုးရသတိပေး
12-Oct-2017
ရန်ကုန်၊ အောက်တိုဘာ ၁၁

ဆင့်ပွားဈေးကွက်စနစ်ပုံစံဖြင့် မက်လုံးပေးကာ လုပ်ငန်းဆောင်ရွက်နေသော MLM လုပ်ငန်းများ အပါအဝင် အစုရှယ်ယာများအပေါ် အကျိုးအမြတ် ဝေစု အများအပြား ပေးမည်ဆိုသည့် ကုမ္ပဏီများကို ပြည်သူများအနေနှင့် သတိပြု ရှောင်ရှားကြရန် နိုင်ငံပိုင် မီဒီယာများမှတစ်ဆင့် အစိုးရက သတိပေးလိုက်သည်။

အစိုးရက လုပ်ငန်းလုပ်ကိုင်ခွင့် ပေးမထားသော ငွေကြေးဝန်ဆောင်မှု ကုမ္ပဏီများ၊ အစုရှယ်ယာရောင်းခွင့် မရှိသော ကုမ္ပဏီများကို ဆက်သွယ် ဆောင်ရွက်ခြင်း မပြုကြရန်နှင့် အတိုးနှုန်း မြင့်မားစွာ ပေးမှုများ၊ အစုရှယ်ယာအပေါ် အမြတ်ဝေစု များပြားစွာ ခွဲဝေပေးမှုများ၊ ဆင့်ပွား ဈေးကွက်ပုံစံဖြင့် မက်လုံးပေးမှု (Multi-Level Marketing) များကို အထူး အလေးပြု ရှောင်ရှားကြရန် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ 

“MLM ကုမ္ပဏီတွေကို ထိန်းချုပ်ဖို့ ဥပဒေ မထွက်နိုင်သေးတော့ အစိုးရက ဒီလိုမျိုး ထုတ်ပြန်လာတာတွေက ကောင်းပါတယ်။ ဒါပေမဲ့ အခုက ခွင့်ပြုချက်မရှိဘဲ ရှယ်ယာရောင်းတဲ့ ကုမ္ပဏီတွေနဲ့ ပေါင်းထုတ်တာဆိုတော့ နောက်ဆိုရင် MLM ကို သီးသန့်ထုတ်ရင် ပိုကောင်းတာပေါ့”ဟု MLM စနစ်နှင့်ပတ်သက်ပြီး ဆန့်ကျင်အသိပညာပေးနေသည့် ဦးဇင်ဇေလွင်က ပြောကြားသည်။

လက်ရှိအချိန်တွင် အစိုးရက MLM ကုမ္ပဏီများကို ခေါ်ယူစစ်ဆေး၊ ဆွေးနွေးမှုများ ရှိနေပြီဖြစ်သော်လည်း MLM ကုမ္ပဏီများကို ပိုမိုထိန်းချုပ်နိုင်ရန်အတွက် ဥပဒေထွက်ရှိရန် လိုအပ်လျက်ရှိပြီး လွှတ်တော်တွင် ယင်းဥပဒေအတွက် သီးသန့် အဖွဲ့များ ဖွဲ့စည်းကာ လုပ်ဆောင်သင့်ကြောင်း ၎င်းကပြောဆိုသည်။

လတ်တလောတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က မြန်မာနိုင်ငံ ဗဟိုဘဏ်ဥပဒေ၊ ငွေရေးကြေးရေး အဖွဲ့အစည်း ဥပဒေဖြင့် ပြည်တွင်းဘဏ် ၂၈ ခုနှင့် ငွေကြေးဝန်ဆောင်မှု ကုမ္ပဏီ ၁၅ ခု ခွင့်ပြုပေးထားပြီး အသေးစား ငွေရေး ကြေးရေး ဝန်ဆောင်မှုလုပ်ငန်း ၁၆၈ ခုကို ခွင့်ပြုပေးထားသည်။

ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင် (SECM) က ငွေချေးသက်သေခံလက်မှတ် လဲလှယ်ရောင်းဝယ်ကုမ္ပဏီ ခြောက်ခုနှင့် အာမခံ လုပ်ငန်းကြီးကြပ်ရေးအဖွဲ့က အာမခံ လုပ်ငန်းလုပ်ကိုင်ခွင့် ဥပဒေဖြင့် အာမခံ ကုမ္ပဏီ ၁၂ ခု ခွင့်ပြုထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယင်းအပြင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ပြည်တွင်းတွင် ရှယ်ယာ ရောင်းချခွင့်ရှိသော အများပိုင်ကုမ္ပဏီမှာ ၅၀ ကျော်သာရှိပြီး အများပြည်သူများ အနေနှင့် ကုမ္ပဏီများ၏ ရှယ်ယာများ မဝယ်ယူမီ မိမိဝယ်ယူမည့် ကုမ္ပဏီသည် ယင်းစာရင်းထဲတွင် ပါဝင်မှု ရှိ မရှိ စစ်ဆေးပြီးမှ ဝယ်ယူသင့်ကြောင်း ထုတ်ပြန်ထားသည်။

J-01


  • VIA