News

POST TYPE

NEWS

ကင်ဂျုံအန်းကို လုပ်ကြံမည့် အစီအစဉ် အပါအဝင် တောင်ကိုရီးယား၏ စစ်ဘက်ဆိုင်ရာ သတင်းအချက်အလက်များကို မြောက်ကိုရီးယားဟက်ကာများ ခိုးယူဟု သတင်းထွက်

ဆိုးလ်၊ အောက်တိုဘာ ၁၀

မြောက်ကိုရီးယားနိုင်ငံမှ ဟက်ကာများသည် ကင်ဂျုံအန်ကို လုပ်ကြံသတ်ဖြတ်မည့် အစီအစဉ် အပါအဝင် တောင်ကိုရီးယား စစ်ဘက်ဆိုင်ရာ အချက်အလက်များကို ဖောက်ထွင်းခိုးယူသွားသည်ဟူသော သတင်းထွက်ပေါ်လာကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

တောင်ကိုရီးယား လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ရီချောင်ဟီးက မြောက်ကိုရီးယားဟက်ကာများ ရရှိသွားသော သတင်း အချက်အလက်များမှာ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနမှ ဖြစ်သည်ဟု ဆိုသည်။ 

ဟက်ကာများ ရယူသွားသည့် သတင်းအချက်အလက်များထဲတွင် စစ်ပွဲကာလအတွက် အမေရိကန်နှင့် တောင်ကိုရီးယားတို့ ရေးဆွဲထားသော အစီအစဉ်များလည်း ပါဝင်သလို တောင်ကိုရီးယား မဟာမိတ်နိုင်ငံများက အကြီးတန်း စစ်ဘက်ခေါင်းဆောင်များသို့ ပေးပို့ခဲ့သည့် အစီရင်ခံစာများလည်း ပါဝင်သည်။ 

အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ထင်မြင်သုံးသပ်ချက် တစ်စုံတစ်ရာပေးခြင်း မရှိသေးပေ။ 

တောင်ကိုရီးယား အထူးတပ်ဖွဲ့များ နေရာချထားရေးအတွက် အစီအစဉ်များ အပါအဝင် နိုင်ငံတွင်းရှိ စစ်ဘက်ဆိုင်ရာ ပစ္စည်းများနှင့် အဆောက်အအုံများတည် ရှိရာ နေရာပြ အချက်အလက်များကိုလည်း မြောက်ကိုရီးယား ဟက်ကာများက ရယူ သွားသည်။ 

ခိုးယူခံလိုက်ရသော အချက်အလက်များမှာ ၂၃၅ ဂစ်ဂါဘိုက်ခန့်ရှိပြီး ကာကွယ်ရေးဝန်ကြီးဌာန၏ Integrated Data Center မှ ဖောက်ထွင်း ရယူသွားခြင်းဖြစ်ကြောင်း၊ ခိုးယူခံရသည့် အချက်အလက်များ၏ ၈၀ ရာခိုင်နှုန်းမှာ မည်သည့်အရာများဖြစ်သည်ကို မသိရှိသေးကြောင်း ရီချောင်ဟီးက ပြောကြားသည်။ ယင်းအချက်အလက်များကို ယမန်နှစ် စက်တင်ဘာလအတွင်းက ဖောက်ထွင်း ရယူသွားခြင်းဖြစ်သည်ဟု ဆိုသည်။ 

ပြီးခဲ့သည့် မေလအတွင်းကလည်း သတင်း အချက်အလက် မြောက်မြားစွာကို မြောက်ကိုရီးယား ဟက်ကာများက ခိုးယူသွားခဲ့သည်ဟု တောင်ကိုရီးယားနိုင်ငံက ထုတ်ဖော်ပြောကြားပြီး ဆိုက်ဘာတိုက်ခိုက်မှုအဖြစ် သတ်မှတ်ဖော်ပြခဲ့သည်။ သို့သော် မည်သည့်ဌာနနှင့် ပတ်သက်သော သတင်း အချက်အလက်များဖြစ်သည်ကို ဖော်ပြမှု မပြုခဲ့ပေ။ မြောက်ကိုရီးယားကမူ ဆိုက်ဘာတိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ငြင်းဆိုခဲ့သည်။ 

တောင်ကိုရီးယားနိုင်ငံပိုင် Yonhap သတင်းဌာနက တောင်ကိုရီးယားအစိုးရသည် အိမ်နီးချင်း ကွန်မြူနစ် မြောက်ကိုရီးယားနိုင်ငံမှ ဟက်ကာများ၏ပစ်မှတ် ဖြစ်လာကြောင်း၊ အစိုးရဌာနများ၏ ဝက်ဆိုက် အတော်များများလည်း တိုက်ခိုက်ခံခဲ့ရကြောင်း ရေးသားဖော်ပြခဲ့သည်။ 

မြောက်ကိုရီးယားနိုင်ငံတွင် အထူး လေ့ကျင့်သင်ကြားပေးထားသော ဟက်ကာ များစွာရှိပြီး အချို့မှာ တရုတ် အပါအဝင် ပြည်ပနိုင်ငံများတွင် နေထိုင်လျက်ရှိသည်ဟု ယုံကြည်ရသည်။ 

မြောက်ကိုရီးယားနိုင်ငံကမူ တောင်ကိုရီးယား အစိုးရသည် ဆိုက်ဘာ တိုက်ခိုက်မှုနှင့်ပတ်သက်၍ မဟုတ်မမှန်သော သတင်းများ လုပ်ကြံ ထုတ်လုပ်လျက်ရှိသည်ဟု ဆိုသည်။

E-01