News

POST TYPE

NEWS

အများပိုင်စနစ် ကျောင်းကားများ သတ်မှတ်ရက်အတွင်း မပြေးဆွဲနိုင်သေး
10-Oct-2017 tagged as ကျောင်း


ရန်ကုန်၊ အောက်တိုဘာ ၉

အများပိုင်ကုမ္ပဏီဖွဲ့၍ သီတင်းကျွတ်ကျောင်းပိတ်ရက်အပြီး စတင်ပြေးဆွဲမည်ဆိုသော ကျောင်းကားများ သတ်မှတ်ရက်အတွင်း ပြေးဆွဲနိုင်ခြင်း မရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။ 

အများပိုင်ကုမ္ပဏီဖွဲ့၍ ကျောင်းကားပြေးဆွဲခြင်းကို ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် စတင်မည်ဟု ကြေညာခဲ့သော်လည်း ရန်ကုန်မြို့ရှိ စာသင်ကျောင်း သုံးကျောင်းတွင် ကိုရီးယားနိုင်ငံထုတ် ကျောင်းကားအသစ်များကို ယခု သီတင်းကျွတ် ကျောင်းပိတ်ရက်ကျော်လျှင် ထည့်သွင်းပြေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အစက ဒီလထဲကို ပြေးဆွဲပေးဖို့ အစီအစဉ် ရှိခဲ့တယ်။ တကယ်လက်တွေ့ကျတော့ အောက်ခြေမှာ လမ်းကြောင်းဆွဲတာက လိုအပ်ချက်တွေရှိတယ်။ လမ်းကြောင်းက အိမ်ရှေ့ထိ ရောက်ဖို့ လိုတယ်။ အခုက မရောက်ဘူး ဖြစ်နေလို့ပါ”ဟု YRTA အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ဆိုသည်။

ကျောင်းကားစနစ်ဖြင့် ပြေးဆွဲခြင်းအနေနှင့် လက်ရှိ ခရီးစဉ်လမ်းကြောင်းများ ရေးဆွဲနေပြီး ကျောင်းသားများ စီးနင်းမှု လွယ်ကူစေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“လေ့လာကြည့်ချက်အရ အခုက တစ်နေရာကို စုရပ်ထားပြီး ပြေးဆွဲနေရတယ်။ တကယ့် လက်တွေ့ အဆင်ပြေပြေ နဲ့ဆွဲနိုင်ဖို့ လာမယ့် ပညာသင်နှစ်တော့ သေချာတယ်”ဟု ၎င်းက ဆိုသည်။

ကျောင်းကား ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ရန် တိုင်းအစိုးရနှင့် ပူးပေါင်း ဖွဲ့စည်းထားသည့်အများပိုင် Royal Golden Hand ကုမ္ပဏီကို စက်တင်ဘာလ နောက်ဆုံးအပတ်က ဖွဲ့စည်းခဲ့ပြီး ပြေးဆွဲမည့် စာသင်ကျောင်း ၂၂ ကျောင်းအနက် ကနဦးအနေနှင့် ဒဂုံ (၁)၊ TTC နှင့် ကမာရွတ်မြို့နယ် အထက (၂) ကျောင်းတို့ကို ပြေးဆွဲမည်ဖြစ်ကြောင်း YRTA က သီတင်းကျွတ်ကာလ မရောက်ခင် ရက်ပိုင်းက ကြေညာခဲ့သည်။

“အဲဒီကျောင်း သုံးကျောင်းက ကျောင်းသူ၊ ကျောင်းသားတွေက အဝေးက လာတက်ကြတာ များတယ်။ ယာဉ်ကြော ကျပ်တည်းမှု အများဆုံးဖြစ်လို့ အရင်ပြေးဆွဲမှာဖြစ်တယ်”ဟု ဒေါက်တာ မောင်အောင်က ဆိုသည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့အနေနှင့် ရန်ကုန်မြို့ရှိ ကျောင်း ၂၂ ကျောင်း၌ အများပိုင်ကုမ္ပဏီဖွဲ့၍ ကျောင်းကား ပြေးဆွဲရန် အမေရိကန်ဒေါ်လာ ၃၆၀ဝ ကျော် တန်ဖိုးရှိ လူ ၂၈ ဦးဆံ့ ကိုရီးယားနိုင်ငံထုတ် ကျောင်းကား ၂၀ဝ စီး ဝယ်ယူခဲ့ပြီး အဆိုပါကားများမှာ ဇွန်လ ၃၀ ရက်က ရောက်ရှိခဲ့သည်။

ကျောင်းကားစနစ်ဖြင့် ပြေးဆွဲမည်ဆိုပါက ကျောင်းသားများ စီးနင်းနေကျ မဟုတ်သော ယာဉ်မောင်း အသစ်များနှင့် ကျောင်းအကြို အပို့ပြုလုပ်ခြင်းကို မိဘ အများစုသည် စိတ်မအေးရကြောင်း၊ လက်ရှိ ပို့ဆောင်ပေးနေသည့် ကျောင်းကား မောင်းနှင်သူမှာ ကလေးများကို ဂရုစိုက်ပြီး အိမ်အရောက် ပို့ဆောင်ပေးကြောင်း အ.ထ.က (၁) ဒဂုံမှ ကျောင်းသားမိခင် တစ်ဦးက ပြောကြားသည်။

လက်ရှိ ကျောင်းပေါင်း ၂၂ ကျောင်းတွင် ယာဉ်စီးရေ ၁၉၀ဝ စီးခန့်ဖြင့် တစ်ဦးချင်းစီ ကိုယ်ပိုင် ကျောင်းကြို/ ပို့ လုပ်ငန်းကို ဆောင်ရွက်လျက်ရှိပြီး အဆိုပါယာဉ်များသည် ၂၀၁၈ ခုနှစ်တွင် တစ်ဦးပိုင်အဖြစ် ပြေးဆွဲခွင့်မပြုကြောင်း YRTA ထံမှ သိရသည်။

ရန်ကုန်တိုင်းအတွင်းရှိ စာသင်ကျောင်းများမှာ အထက်တန်း ၂၃၄ ကျောင်း၊ အလယ်တန်း ၂၈၉ ကျောင်း၊ မူလတန်း ၂၂၁၇ ကျောင်းရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးထံမှ သိရသည်။

J-06