News

POST TYPE

NEWS

ထိုင်ဝမ်နိုင်ငံ၌ပြုလုပ်မည့် InnoServe 2017 Award ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် ကျောင်းသူများနှင့် တွေ့ဆုံခြင်း

ပြည်တွင်း၌ ကွန်ပျူတာ တက္ကသိုလ်များ၊ နည်းပညာ တက္ကသိုလ်များမှ ကျောင်းသားကျောင်းသူများက နည်းပညာ တီထွင်မှုများကို စမ်းသပ်ပြုလုပ်နေကြပြီး နိုင်ငံတကာအဆင့် ပြိုင်ပွဲများကိုလည်း သွားရောက် ယှဉ်ပြိုင်နေကြသည်။ နောက်ပိုင်းနှစ်များတွင် နိုင်ငံတကာ ပြိုင်ပွဲများ၌ ရလဒ်ကောင်းများ ရရှိအောင် စွမ်းဆောင်နိုင်နေသည်ကိုလည်း တွေ့မြင်နိုင်ပေသည်။ ၂၀၁၇ နိုဝင်ဘာ ၄ ရက်တွင် ထိုင်ဝမ်နိုင်ငံ၌ပြုလုပ်မည့် InnoServe 2017 Award ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြုပြီး ကွန်ပျူတာ တက္ကသိုလ် (တောင်ကြီး) မှ ကျောင်းသူများ၏ တီထွင်ဖန်တီးမှုဖြစ်သည့် စာမတတ်မှု ပပျောက်ရေး အထောက်အကူပြု မိုဘိုင်းလ် App ဖြင့် သွားရောက် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ ယခု သွားရောက် ယှဉ်ပြိုင်မည့်အဖွဲ့သည် တောင်ကြီး ကွန်ပျူတာ တက္ကသိုလ်မှ ဒုတိယမြောက် သွားရောက် ယှဉ်ပြိုင်သည့်အဖွဲ့ဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင်လည်း သွားရောက် ယှဉ်ပြိုင်ခဲ့ဖူးသည်။ ယခုနှစ်ပြိုင်ပွဲအတွက်ကိုမူ InnoServe 2017 ပြိုင်ပွဲ ကျင်းပရေးဘက်မှ တောင်ကြီးကွန်ပျူတာ တက္ကသိုလ်ကို တိုက်ရိုက် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲကို သွားရောက် ယှဉ်ပြိုင်မည့် ပအိုဝ်းတိုင်းရင်းသားများအတွက် စာမတတ်မှု ပပျောက်ရေး အထောက်အကူပြု မိုဘိုင်းလ် App ရေးသားသည့် ကျောင်းသူများကို ဆက်သွယ် မေးမြန်းပြီး ပြန်လည် ဖော်ပြအပ်ပါသည်။

Voice : ပထမဆုံးအနေနဲ့ ပအိုဝ်းဘာသာနဲ့ အသုံးလုံး သင်ကြားရေး အထောက်အကူပြု မိုဘိုင်းလ် App ကို ရေးသားဖြစ်တဲ့ စိတ်ကူးကို ပြောပြပေးပါ။ App ရဲ့ အသုံးပြုပုံကိုလည်း မိတ်ဆက်ပေးပါဦး။
ANS : ညီမတို့ Application က အဓိကအနေနဲ့ကတော့ စာမတတ်မှု ပပျောက်ရေးကို အထောက်အကူပြုတဲ့ Application လေးပါ။ တကယ်တမ်း လုပ်ချင်တာကတော့ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသား အကုန်လုံးအတွက်ပါ။ ဒါပေမဲ့ ညီမတို့ရတဲ့အချိန်ရယ် တချို့ အခက်အခဲတွေရယ်ကြောင့် ပအိုဝ်းဘာသာ စကားတစ်မျိုးကိုပဲ ထည့်သွင်းထားရတာပါ။ ညီမတို့ Application ကိုသုံးရတာ လွယ်ကူ ရိုးရှင်းအောင်ပဲ ပြုလုပ်ထားပါတယ်။ ဘာလို့လဲဆိုတော့ အသုံးလုံးရဲ့ Volunteer ဆရာတွေကနေတစ်ဆင့် လုံးဝ စာမတတ်တဲ့သူတွေကို သင်ပြပေးနိုင်ဖို့အတွက်ရယ်၊ စာမတတ်တဲ့ တိုင်းရင်းသားတွေကလည်း သူတို့ ကိုယ်တိုင် လေ့ကျင့်နိုင်ဖို့အတွက်ရယ်ကြောင့်ပါ။

Voice : ထိုင်ဝမ်နိုင်ငံမှာ ပြုလုပ်မယ့် InnoServe 2017 Award ပြိုင်ပွဲကို သွားရောက် ယှဉ်ပြိုင်ဖို့လည်း ရွေးချယ်ခံထားရတယ်လို့ သိရပါတယ်။ ဒီပြိုင်ပွဲမှာ သွားပြိုင်ဖို့ ဘယ်အဖွဲ့အစည်းက ရွေးချယ်ပေးတာလဲ ဆိုတာရယ်နဲ့ အဖွဲ့ ဘယ်နှဖွဲ့အထဲက ရွေးချယ်ခံရတာလဲဗျ။
ANS : ဟုတ်ကဲ့။ ရွေးချယ်ပေးတာကတော့ ထိုင်ဝမ်နိုင်ငံက အဖွဲ့အစည်းတွေဖြစ်တဲ့ Industrial development Bureau of ministry of Economic Affairs, Computer center of ministry of education, Chinese society for information management တွေကလို့ သိရပါတယ်။ ICT University နဲ့ College ပေါင်း တစ်ရာလောက် ပါဝင်ရွေးချယ်ခံတယ်လို့ သိရပါတယ်။ စုစုပေါင်း ရွေးချယ်ခံထားရတာကတော့ ညီမတို့အဖွဲ့ အပါအဝင် ၁၄ ဖွဲ့ပါ။

Voice : InnoServe 2017 Award ပြိုင်ပွဲအကြောင်းကိုလည်း ပြောပြပေးပါဦး။ သူက ဘယ်လို ပြိုင်ပွဲမျိုးလဲ။ ပြီးတော့ ပြိုင်ပွဲမှာ ဘယ်နိုင်ငံတွေ ပါဝင်ယှဉ်ပြိုင်ကြမှာလဲ။ ဘယ်နှနိုင်ငံ ပါဝင်မလဲဗျ။
ANS : International ICT innovative services award လို့လည်း ပြောလို့ရတယ်ပေါ့နော်။ အဲ့ဒီပြိုင်ပွဲမှာ International က ICT ကျောင်းသူ ကျောင်းသားတွေ ပါဝင်ယှဉ်ပြိုင်ခွင့် ရှိပါတယ်။ အဓိကကတော့ Implementation ထက် Idea ပြိုင်ပွဲလို့တော့ ထင်ပါတယ်။

Voice : ပြည်တွင်းမှာဆိုရင် ကျောင်းသားလူငယ်တွေက တီထွင်ဖန်တီးမှုတွေ အများကြီး လုပ်လာနိုင်ကြတာကို တွေ့ရပါတယ်။ ဒီလို ဖန်တီးတီထွင်မှုတွေအတွက် ဘယ်လိုတွေ လေ့လာခဲ့ရသလဲ။ အခက်အခဲတွေရော ဘာတွေရှိခဲ့သလဲ။
ANS : ဟုတ်ကဲ့ ညီမတို့က ကွန်ပျူတာသိပ္ပံ ဘာသာ ယူထားတာဖြစ်တဲ့အတွက် Knowledge ရော၊ Concept ရော Programming Database လို Implementation အခြေခံတဲ့ ဘာသာတွေရော သင်နေရတော့ ကျောင်းစာကလည်း ဗျာများစေပါတယ်။ ကံကောင်းတာကတော့ ညီမတို့ ကွန်ပျူတာတက္ကသိုလ် တောင်ကြီးမှာက အထောက်အပံ့တွေ ပြည့်ပြည့်စုံစုံ ရတဲ့အတွက် လေ့လာဖို့ ပြီးတော့ အဆင်ပြေသလို ဒီလိုပြိုင်ပွဲတွေ ဝင်ပြိုင်ဖို့ အခွင့်အရေးတွေ အများကြီး ရပါတယ်။

Voice : ကျွန်တော်တို့ ရန်ကုန်နဲ့ နယ်တွေက ကွန်ပျူတာ တက္ကသိုလ်တွေကို ရောက်တဲ့အခါကျတော့ လက်တွေ့ ဖန်တီးတီထွင်မှုတွေအတွက် အထောက်အပံ့ ပေးနိုင်မယ့် Lab တွေ ရှိလာတာတော့ တွေ့ရပါတယ်။ ဒီ Lab တွေက သင်ကြားရေးနဲ့ ဖန်တီးတီထွင်မှုတွေအတွက် ဘယ်လောက်အထိ အထောက်အပံ့ပေးနိုင်မလဲ။ ပြီးတော့ ဒီ Lab တွေကို အဆင့်မြှင့်တင်မှုတွေ ဘယ်လောက်အထိ လုပ်ဆောင်ဖို့ လိုအပ်မလဲ။
ANS : ကျောင်းမှာတော့ Lab Facility အသင့်အတင့် ပြည့်စုံသလို Campus Wifi လည်း အချိန်ပြည့် သုံးနိုင်ပါတယ်။ သိချင်တာတွေကို Internet ကနေ Tutorial တွေ၊ Youtube တွေကနေလည်း လေ့လာနိုင်ပါတယ်။ ဒါပေမဲ့ ကျောင်းစာကလည်း တစ်ဖက်မို့ Lab အချိန် အပြည့်အဝ သုံးနိုင်ခွင့်က အချိန်နည်းသွားပါတယ်ရှင့်။

Voice : ပအိုဝ်းဘာသာနဲ့ အသုံးလုံး သင်ကြားရေး အထောက်အကူပြု မိုဘိုင်းလ် App လို့ဆိုတော့ ဒီတိုင်းရင်းသားတွေရဲ့ မိုဘိုင်းလ်ဖုန်း အသုံးပြုမှု အခြေအနေကရော ဘယ်လိုရှိသလဲဗျ။
ANS : ညီမတို့က တိုင်းရင်းသားတွေနဲ့ တိုက်ရိုက်မဟုတ်ဘဲ အသုံးလုံး စာသင်ဝိုင်းမှာ ကူညီပေးနေတဲ့ ဆရာတွေကနေတစ်ဆင့် သင်ကြားပေးဖို့ ရည်ရွယ်တာပါ။ သင်ကြားပေးနေတဲ့ ဆရာတွေကတော့ များသောအားဖြင့် တက္ကသိုလ် ကျောင်းသားတွေ၊ ဆရာ ဆရာမတွေဖြစ်တဲ့အတွက် Mobile ဖုန်းကတော့ အသုံးပြုကြပါတယ်။

Voice : ပအိုဝ်း တိုင်းရင်းသားတွေရဲ့ စာတတ်မြောက်မှုနှုန်းကိုရော ညီမတို့ ဒီ App ရေးထားတော့ လေ့လာထားတာ ရှိသလား။ သူတို့အတွက် ဒီ App ကို သုံးပြီး လေ့လာမယ်ဆိုရင် ဘယ်လောက်အထိ စာသင်ကြားရေးကို အထောက်အကူ ဖြစ်စေမလဲ။
ANS : ညီမတို့အနေနဲ့ ဒီ Application ကို စပြီး မရေးခင်က အသုံးလုံး စာသင်ကြားပေးတဲ့သူတွေကိုလည်း ၅ ယောက်ထက်မနည်း လိုက်ပြီး Analysis လုပ်ပါတယ်။ ညီမ အစပိုင်းက ပြောခဲ့သလိုပဲ တကယ်တမ်း လုပ်ချင်တာကတော့ မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အားလုံးအတွက်ပါ။ အချိန်ကြောင့်မို့ Scope ကို ချုံ့လိုက်တဲ့အချိန်မှာ ရှမ်းပြည်နယ်အတွက်ပဲ လုပ်မယ်ပေါ့နော်။ ရှမ်းပြည်နယ်က မြန်မာနိုင်ငံမှာ စာတတ်မြောက်မှု အနည်းဆုံးလည်း ဖြစ်နေတယ်။ ကိုယ့်ဒေသလည်းဖြစ်နေတဲ့အတွက် အဲ့လို စဉ်းစားခဲ့ပါတယ်။ ပြီးတော့ ညီမတို့ ရှမ်းပြည်နယ် တောင်ကြီးမြို့နှင့် အနီးတစ်ဝိုက်မှာဆိုရင် ပအိုဝ်း တိုင်းရင်းသားတွေ များတဲ့အတွက်ကြောင့်မို့ ပအိုဝ်းဘာသာကို အဓိက ရွေးချယ်ခဲ့တာပါ။ ညီမတို့ Application အနေနဲ့ သင်ထောက်ကူအနေနဲ့ အသုံးပြုရာမှာ ဘာသာစကား အခက်အခဲကို အဓိက ဖြေရှင်းပေးနိုင်ပါတယ်။

Voice : လူငယ်တွေရဲ့ တီထွင် ဖန်တီးမှုတွေကို အားပေးလာကြပေမယ့်လည်း အများအားဖြင့် နယ်ကျောင်းတွေမှာဆိုရင် အခက်အခဲတွေက မျိုးစုံပိုပြီး ရှိတတ်ပါတယ်။ ထားဝယ်ဘက်က ကျောင်းသားတွေကို အင်တာဗျူး လုပ်တဲ့အခါတုန်းက သူတို့ဆီမှာ အင်တာနက် ဆက်သွယ်မှု အခက်အခဲ ရှိတယ်လို့ ပြောပါတယ်။ ညီမတို့ဆီမှာရော ဒီလိုလေ့လာမှုတွေအတွက် ဘယ်လို အခက်အခဲတွေရှိမလဲ။
ANS : အင်တာနက် ဆက်သွယ်မှုနဲ့ ပတ်သက်လို့တော့ အခက်အခဲ မရှိပါဘူး။ ညီမတို့ဆီမှာ Computer Lab တွေလည်း အသင့်အတင့် အလုံအလောက်ရှိတဲ့အတွက် သိပ်လည်း အခက်အခဲ မရှိပါဘူး။

Voice : ဒီ App ကို ရေးသားဖို့အတွက် အဖွဲ့ဝင် ဘယ်နှယောက် ပါဝင်ခဲ့သလဲ။ ကျောင်းကရော ဘာတွေ အထောက်အပံ့ ပေးထားသလဲ။ ဒီ App ဖြစ်လာဖို့ အတွက် ဘယ်လောက် ကြိုးစားခဲ့ရသလဲဗျ။
ANS : ကျောင်းသူ ၄ ယောက်လို့ ပြောလို့လည်း ရပါတယ်။ ညီမကတော့ Implementation ပိုင်းကို တာဝန်ယူပါတယ်။ ကျန်တဲ့ ၃ ယောက်ကတော့ Data Requirement ကိုခွဲပြီး လုပ်ပေးကြပါတယ်။ ကျန်တဲ့ Analysis ပိုင်းနဲ့ Testing ကိုတော့ အားလုံးတူတူ လုပ်ကြပါတယ်။ ဒါပေမဲ့ ဒီ Innoserve Award 2017 အတွက် ပြင်ဆင်ရာမှာတော့ လူဦးရေ ကန့်သတ်ထားတဲ့အတွက်ကြောင့်မို့ ညီမရယ် ညီမသူငယ်ချင်း တစ်ယောက်ရယ်ပဲ ပြင်ဆင်ခဲ့ပါတယ်။ ကျောင်းက ဒီ Project လုပ်နေတဲ့ ကာလတစ်လျှောက်လုံးမှာ ကောင်းမွန်တဲ့အကြံအဉာဏ်တွေ၊ Guidelines တွေ ပေးခဲ့ပါတယ်။ ညီမတို့ တီချယ်ကြီး ဒေါက်တာ သင်းသုနိုင်၊ တီချယ် ဒေါက်တာ ခင်နွယ်နီထွန်း၊ ပြီးတော့ ညီမတို့ရှဲ့Supervisor တီချယ်သိမ့်သိမ့်အောင်တို့ရဲ့ လမ်းကြောင်းပေးမှုတွေ အများကြီးပါပါတယ်။ တစ်ကိုယ်ရေအနေနဲ့တော့ Project ကို Implement လုပ်နေတဲ့အချိန်မှာတော့ ကျောင်းစာတစ်ဖက် Project တစ်ဖက်နဲ့ဆိုတော့ နည်းနည်းတော့ ဖိအား များခဲ့ရပါတယ်။

Voice : နိုင်ငံတကာ အဆင့်ပြိုင်ပွဲကို သွားပြီးပြိုင်တာ ဒါက ပထမဆုံး အတွေ့အကြုံလား။ ဒေသတွင်း နိုင်ငံတွေရဲ့ တီထွင်ဖန်တီးမှု ပြိုင်ပွဲတွေကိုကြည့်ရင်တော့ နောက်ပိုင်းနှစ်တွေမှာ မြန်မာနိုင်ငံက ရလဒ်ကောင်းတွေကို တွေ့လာရပါတယ်။ ဒီ App ကိုရော ပြိုင်ပွဲမှာ ဘယ်လောက်အထိ အောင်မြင်မယ်လို့ မျှော်လင့်ထားသလဲ။
ANS : ဟုတ်ကဲ့ ညီမတို့အဖွဲ့ရဲ့ ပထမဆုံး နိုင်ငံတကာ အတွေ့အကြုံပါ။ သွားပြိုင်ရတဲ့ အခွင့်အရေး ရပြီးဖြစ်တဲ့အတွက် ညီမတို့အနေနဲ့လည်း အတတ်နိုင်ဆုံး အကောင်းဆုံးအနေနဲ့ ဆုစာရင်းဝင်အောင် ကြိုးစားသွားမှာပါ။

Voice : နောက်ဆုံးအနေနဲ့ပေါ့လေ။ နည်းပညာ တီထွင်မှုတွေ လုပ်ကိုင်နေတဲ့ ကျောင်းသား ကျောင်းသူ လူငယ်တွေအပေါ် အဆိုးမြင်ပြီး ဝေဖန်နေကြတာလည်း ညီမတို့ သိတာတွေရှိရင် ရှိမှာပေါ့။ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ ဒီနည်းပညာ တီထွင်မှုတွေ လုပ်နေကြတဲ့ လူငယ်တွေကိုယ်စား ဘာများ ပြောချင်သလဲဗျ။
ANS : အခုနောက်ပိုင်းမှာ နည်းပညာ တီထွင်မှုတွေကို ကြိုးစားဖန်တီးနေကြတဲ့ ICT လူငယ်တွေ သူ့ထက်ငါ အများအပြား ရှိလာပါတယ်။ အောင်မြင်တာတွေလည်းရှိသလို ညီမတို့လို ကြိုးစားဆဲတွေလည်း အများကြီးပါ။ ဝေဖန်မှုဆိုတာကလည်း ညီမတို့ တီထွင်ရာမှာလည်း တကယ် အထောက်အကူပြုပါတယ်။ ဝေဖန်ချက်တွေများလေ ပြင်လေ ပိုပြီးတော့ ကောင်းမွန်လေဆိုတော့လေ။ အဲ့တော့ ညီမပြောချင်တာက ဘယ်လိုပဲ ဝေဖန်နေပါစေ ညီမတို့ကတော့ ကိုယ့်ရည်မှန်းချက် ကိုယ့်ပန်းတိုင်အတွက် ရှည်လျားတဲ့ဒီခရီးကို ဆက်လျှောက်နေဦးမှာပါလို့ပဲ ပြောချင်ပါတယ်ရှင့်။

မောင်မန်း