News

POST TYPE

NEWS

အမေရိကသည် ကင်ဂျုံအန်းကို ဖြုတ်ချရန် ကြိုးပမ်းလျက်ရှိသည်ဟု မြောက်ကိုရီးယား စွပ်စွဲ

ပြုံယမ်း၊ အောက်တိုဘာ ၄ 

အမေရိကန် ပြည်ထောင်စုသည်  မြောက်ကိုရီးယားနိုင်ငံကို စီးပွားရေးပိတ်ဆို့ ဟန့်တားမှု ပြုလုပ်သလို ကွန်မြူနစ်ခေါင်းဆောင် ကင်ဂျုံအန်းကို ဖြုတ်ချနိုင်ရေးအတွက် ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယားနှင့်ဆိုင်သော ပစ္စည်းများ တပ်ဆင်ထားသည်ဟု ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကြီး ဂျာဆွန်နမ်က စွပ်စွဲပြောဆိုလိုက်ကြောင်း VOA သတင်းဌာနက ရေးသားဖော်ပြသည်။ 

အမေရိကန်အစိုးရက မြောက်ကိုရီးယားနိုင်ငံအပေါ် တရားဥပဒေနှင့် ဆန့်ကျင်ပြီး မျှတမှုမရှိသော ကုလသမဂ္ဂက ဒဏ်ခတ် အရေးယူမှုများ ပြုလုပ်ခြင်းသည် မြောက်ကိုရီးယားပြည်သူများ၏ နိစ္စဓူဝ လူမှုဘဝအတွက် တည်ငြိမ်အေးချမ်းသော စီးပွားရေးကို လုံးလုံးလျားလျား ပိတ်ဆို့ဟန့်တားနေခြင်းဖြစ်သည်ဟု သံအမတ်ကြီး ဂျာဆွန်နမ်က ပြောကြားသည်။ 

“အမေရိကန် ပြည်ထောင်စုသည် မကြုံစဖူးသော နျူကလီးယား ခြိမ်းခြောက်မှုများ၊ ပြန်ပေးဆွဲမှုများနှင့် စီးပွားရေး ပိတ်ဆို့ အရေးယူမှုများဖြင့် ကျွန်ုပ်တို့၏ ဖြစ်တည်ခွင့်နှင့် တိုးတက်မှု ရှိအောင် လုပ်ဆောင်ခွင့်တို့ကို ဖျက်ဆီးပစ်ရန် ဆန္ဒပြင်းပြနေပါတယ်။ ဒါပေမဲ့ အဲဒီလုပ်ရပ်တွေကြောင့် ကျွန်ုပ်တို့ရဲ့ သတိတရား ကြီးမားမှုနဲ့ ကြီးမားတဲ့ သတ္တိတွေကိုပဲ ပေါ်ထွန်းစေခဲ့ပါတယ်”ဟု ကုလသမဂ္ဂ အထွေထွေ ညီလာခံ ကော်မတီတွင် ပြောကြားသည်။ 

မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယား စမ်းသပ်မှုများကြောင့် လုံခြုံရေးကောင်စီက ယင်းနိုင်ငံအပေါ် အပြင်းထန်ဆုံးသော ဒဏ်ခတ် အရေးယူမှုများ ပြုလုပ်ခဲ့မှုတွင် အမေရိကန်အစိုးရက အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ 

အဆိုပါ ဒဏ်ခတ် အရေးယူမှု အစီအစဉ်အရ မြောက်ကိုရီးယားနိုင်ငံသို့ ရေနံနှင့် ရေနံထွက်ကုန်များ တင်ပို့ရောင်းချမှုကို ပိတ်ပင်သလို မြောက်ကိုရီးယားမှ သံနှင့် ကျောက်မီးသွေး အပါအဝင် အထည်ချုပ်လုပ်ငန်း ထုတ်ကုန်များ ဝယ်ယူမှုကိုလည်း ကန့်သတ်ထားသည်။ 

အဆိုပါ ပိတ်ပင်မှုကြောင့် မြောက်ကိုရီးယားနိုင်ငံ၏ နိုင်ငံခြားဝင်ငွေ ရရှိမှုကို ဆိုးရွားစွာ ထိခိုက်စေခဲ့သလို ပြည်တွင်း၌ လောင်စာဆီ ဈေးနှုန်းများလည်း အဆမတန် မြင့်တက်သွားစေခဲ့သည်။ 

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟိုက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် Twitter အကောင့်တွင် ပြုံယမ်းကွန်မြူနစ်ခေါင်းဆောင် အာဏာစက်ကြာရှည်တော့မည်မဟုတ်ဟု ရေးသားဖော်ပြခြင်းဖြင့် မြောက်ကိုရီးယားကို စစ်ကြေညာခဲ့သည်ဟု ပြောဆိုခဲ့သည်။ 

သို့သော် အိမ်ဖြူတော်က အမေရိကန်ပြည်ထောင်စုသည် မြောက်ကိုရီးယားကို စစ်ကြေညာခြင်းမရှိပါကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။          

F-01