News

POST TYPE

NEWS

ဗြိတိန်အိမ်ရှေ့မင်းသား မြန်မာနိုင်ငံခရီးစဉ်ပျက်
လန်ဒန်၊ အောက်တိုဘာ ၎

ဗြိတိန်အိမ်ရှေ့စံမင်းသား ချားလ်စ်အနေနှင့် ယခုလနှောင်းပိုင်း အရှေ့တောင် အာရှဒေသနိုင်ငံများနှင့် အိန္ဒိယနိုင်ငံသို့ အလည်အပတ် သွားရောက်မည့်ခရီးစဉ်တွင် မြန်မာနိုင်ငံကို လည်ပတ်မည် မဟုတ်ကြောင်း ၎င်း၏ခရီးစဉ်အတွက် စီစဉ်သူများ၏ ပြောကြားချက်ကို ဗြိတိန်သတင်း ဌာနတစ်ခုဖြစ်သော Reuters က ရေးသားဖော်ပြသည်။
 
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် အကြမ်းဖက် တိုက်ခိုက်မှုများနှင့် အာဏာပိုင်များက မျိုးဖြုတ် ရှင်းလင်းမှုများ ပြုလုပ်လျက်ရှိသည်ဟူသော စွပ်စွဲချက်များကြောင့် မြန်မာသို့ သွားရောက်မည့်ကိစ္စကို ရှောင်ရှားလိုက်ခြင်းဖြစ်သည်ဟု သတင်းက ဆိုသည်။ 

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ရာတွင် အာဆီယံနိုင်ငံများ ခရီးစဉ်တွင် မြန်မာနိုင်ငံသို့လည်း တရားဝင် သွားရောက်ရန်  ဗြိတိန်အစိုးရ အရာရှိကြီးများက အိမ်ရှေ့ မင်းသား ချားလ်စ်ကို အကြံပြု ပြောဆိုခဲ့သည်ဟု ဖော်ပြခဲ့ကြသည်။ ဗြိတိန်အိမ်ရှေ့မင်းသားသည် ဗြိတိန်အစိုးရ ကိုယ်စား အဆိုပါ ခရီးစဉ်ကို သွားရောက်ရန် စီစဉ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံလည်း ခရီးစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်မည်ဟု ၎င်း၏ လက်ထောက်များက သိထားခဲ့ကြသည်။ 

သို့သော် ခရီးစဉ်နှင့် ပတ်သက်သော အစီအစဉ် တရားဝင် ပေါ်ထွက်လာချိန်တွင် မြန်မာနိုင်ငံ ပါဝင်ခြင်း မရှိတော့ပေ။ ချားလ်စ်နှင့် သူ၏ ဒုတိယမြောက်ဇနီး (မင်းသမီး ဒိုင်ယာနာ ကွယ်လွန်ပြီးနောက် လက်ထပ်ခဲ့သူ) ကမ်မီလာတို့သည် စင်ကာပူ၊ မလေးရှား၊ ထိုမှတစ်ဆင့် အိန္ဒိယသို့ သွားရောက်မည်ဖြစ်သည်။ 

အိန္ဒိယခရီးစဉ်တွင် ဝန်ကြီးချုပ် နာရင်ဒရာမိုဒီနှင့် ချားလ်စ်တို့ တွေ့ဆုံကြရန် စီစဉ်ထားသည်။ 

“အာဆီယံဒေသတွင်း သွားလို့ရမယ့်နိုင်ငံတွေကို ကျွန်တော်တို့ ကြည့်ခဲ့ကြတယ်၊ သည်ကနေ့ ကြေညာလိုက်တဲ့အတိုင်းပါပဲ၊ ကျွန်တော်တို့တစ်တွေ စင်ကာပူနဲ့ မလေးရှားကို သွားကြမယ်”ဟု ဗြိတိန်နိုင်ငံခြားရေးနှင့် ဓနသဟာယဌာန၏ ဒုတိယ အကြီးအကဲ ဖိလစ်မာလုံးက သတင်းထောက်များကို ပြောကြားသည်။ 

သို့သော် ဖိလစ်မာလုံးနှင့် ဗြိတိန်တော်ဝင် မိသားစု၏ အမှုထမ်းများက မြန်မာနိုင်ငံကို ရှောင်ရှားခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ အသေးစိတ် ရှင်းလင်းပြောဆိုခြင်း မရှိခဲ့ပေ။

ဗြိတိန်နိုင်ငံသည် မြန်မာတပ်မတော်အတွက် ပံ့ပိုးပေးခဲ့သော သင်တန်း အစီအစဉ်များနှင့် အခြား ထောက်ပံ့မှုများကို ပြီးခဲ့သည့်လက ရပ်ဆိုင်းပစ်ခဲ့သည်။ အကြောင်းမှာ ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုများကြောင့်ဖြစ်သည်ဟု ဆိုသည်။ ဗြိတိန်နှင့် မြန်မာနှစ်နိုင်ငံ သံတမန် ဆက်ဆံရေးမှာ ရခိုင်ပြည်နယ်တွင်း ဘင်္ဂါလီမွတ်ဆလင်များ အရေးကိစ္စ ပေါ်ပေါက်လာပြီးနောက် ဆိုးရွားလျက်ရှိသည်။

F-01