News

POST TYPE

NEWS

အင်တာနက် ဆက်သွယ်ရေးစနစ်ကို ရုရှားမှ ရယူနေသော မြောက်ကိုရီးယားအား သတိထားရန်လိုဟုဆို

ဝါရှင်တန်၊ အောက်တိုဘာ ၃

မြောက်ကိုရီးယားနိုင်ငံသည် ဒုတိယ အင်တာနက် ဆက်သွယ်ရေးအတွက် ရုရှားနိုင်ငံ ကုမ္ပဏီတစ်ခုက ရယူနေသောကြောင့် ဆိုက်ဘာ တိုက်ခိုက်မှုများကို ပြုံယမ်းအနေနှင့် လုပ်ဆောင်ရန် ပိုကောင်းသွားပြီး ခြေရာခံလိုက်ရန်လည်း မဖြစ်နိုင်ကြောင်း ဆိုက်ဘာ လုံခြုံရေး ပညာရှင်များ၏ ပြောကြားချက်ကို Reuters သတင်းတွင် ဖော်ပြထားသည်။

အနောက်အစိုးရသည် ဆိုက်ဘာ တိုက်ခိုက်မှုများကို ယခုနှစ်အတွင်း ပိုမိုခံခဲ့ရကြောင်း၊ ဘဏ်များနှင့် Sony Pictures ကုမ္ပဏီများ အတိုက်ခံရမှုကို ထောက်ပြထားကာ WannaCry ဆိုသည့် ဗိုင်းရပ်စ်ကြောင့် ကွန်ပျူတာ အများစု ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း၊ ယင်းတိုက်ခိုက်မှုတွင် မြောက်ကိုရီးယားနိုင်ငံ ပါဝင်ပတ်သက်မှု ရှိနိုင်ကြောင်း စွပ်စွဲမှုများ ရှိနေသော်လည်း ပြုံယမ်းက ငြင်းဆိုထားသည်။ 

အောက်တိုဘာ ရက်သတ္တပတ်အတွင်း မြောက်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့၏ ဆက်ဆံရေးမှာ မြောက်ကိုရီးယား နိုင်ငံဘက်က ခြိမ်းခြောက်မှုများကြောင့် သဘောထား တင်းမာလျက်ရှိပြီး၊ အမေရိကန် ပြည်ထောင်စုကလည်း အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်နိုင်ရန် စီစဉ်လျက်ရှိသည်။ 

DYN Research သုတေသနဌာနသည် နိုင်ငံတကာ အင်တာနက် သုံးစွဲမှု လမ်းကြောင်းများကို ခြေရာခံကြည့်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ရုရှားနိုင်ငံမှ TransTeleCom ဆက်သွယ်ရေး ကုမ္ပဏီသည် မြောက်ကိုရီးယားနိုင်ငံသို့ အောက်တိုဘာ ၁ ရက်နေ့၊ ဒေသစံတော်ချိန် ၉ နာရီ ၈ မိနစ်က စတင်ကာ အင်တာနက် ချိတ်ဆက်မှုများ စတင် လုပ်ဆောင်ခွင့် ပေးခဲ့ကြောင်း ထုတ်ပြန် ပြောကြားခဲ့သည်။

TransTeleCom ကုမ္ပဏီသည် မြောက်ကိုရီးယားနိုင်ငံ၏ အင်တာနက် သုံးစွဲမှု၏ ၆၀ ရာခိုင်နှုန်းခန့်ကို ချုပ်ကိုင်ထားနိုင်ခဲ့ပြီး ကျန်သည့် အင်တာနက် ဆက်သွယ်မှု ၄၀ ရာခိုင်နှုန်းကို Unicom အဖွဲ့က ရရှိထားကြောင်း သိရသည်။

ရုရှားနိုင်ငံ TransTeleCom အနေနှင့် မြောက်ကိုရီးယားနိုင်ငံကို အင်တာနက် သုံးနိုင်စေရန် ဆောင်ရွက် ချိတ်ဆက်ပေးနေသည်ဆိုသည့် သတင်းအပေါ် ငြင်းဆိုထားသည်။

မြောက်ကိုရီးယားနိုင်ငံသည် တရုတ် Unicom ကုမ္ပဏီထံက အင်တာနက် ချိတ်ဆက် သုံးစွဲခွင့်ကို ၂၀၁၀ ပြည့်နှစ်ကတည်းက ရရှိခဲ့ပြီးဖြစ်သည်။ 

မြောက်ကိုရီးယားနိုင်ငံတွင် ပိတ်ဆို့ တားမြစ်ချက် များသောကြောင့် အင်တာနက် အသုံးပြုခွင့်ရှိသူပေါင်းမှာ ၁၀ဝ၀ ခန့်သာရှိကြောင်း၊ ယင်းဆက်သွယ် အသုံးပြုနေသူများမှာလည်း ဆိုက်ဘာ တိုက်ခိုက်မှုများကို လုပ်ဆောင်နိုင်ရေးအတွက် တာဝန်ပေးခြင်း ခံထားရသူများဖြစ်ကြောင်း Reuters တွင် ရေးသားထားသည်။