News

POST TYPE

NEWS

မြောက်ကိုရီးယားနှင့် စေ့စပ်ညှိနှိုင်းရန် ကြိုးပမ်းခြင်းသည် အချိန်ဖြုန်းရုံသက်သက်သာ ဖြစ်ဟု ဒေါ်နယ်ထရမ့် ပြောကြား
ဝါရှင်တန်၊ အောက်တိုဘာ ၂

မြောက်ကိုရီးယား နျူကလီးယား အစီအစဉ်နှင့် ပတ်သက်၍ ပြုံယမ်းကွန်မြူနစ် အစိုးရနှင့် စေ့စပ်ညှိနှိုင်းနိုင်အောင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်တေလာဆန် ကြိုးပမ်းနေခြင်းသည် အချိန်ဖြုန်းမှု သက်သက်သာ ဖြစ်သည်ဟု သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

“အားကုန်အောင် မလုပ်ပါနဲ့ ရက်စ် (နိုင်ငံခြားရေးဝန်ကြီး)ရေ။ လုပ်စရာရှိတာ ကျုပ်တို့တွေလုပ်မှာပါ” ဟု သမ္မတထရမ့်က Twitter အကောင့်တွင် ရေးသားဖော်ပြသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး  ရက်စ်တေလာဆန်က မြောက်ကိုရီးယားအစိုးရနှင့် တိုက်ရိုက်အဆက်အသွယ် ရရှိထားပြီ ဖြစ်သည်ဟု ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် သမ္မတထရမ့်က ယင်းသို့ Twitter တွင် မှတ်ချက်ပေး ပြောဆိုခဲ့ခြင်း ဖြစ်သည်။ 

မြောက်ကိုရီးယားအစိုးရနှင့် တိုက်ရိုက်အဆက်အသွယ်ရထားပြီ ဖြစ်သည်ဟု ရက်စ်တေလာဆန်က ဆိုသော်လည်း ဒိုင်ယာလော့ခ် ပြုလုပ်ရေးနှင့် ပတ်သက်၍ ၎င်းတို့ဘက်က စိတ်ဝင်စားမှု နည်းပါးနေသေးသည်ဟု ဆိုသည်။ 

သမ္မတထရမ့်ကမူ မြောက်ကိုရီးယား အစိုးရနှင့် စေ့စပ်ညှိနှိုင်းနိုင်အောင် ထိုသို့ ကြိုးပမ်းနေခြင်းသည် အချိန်ဖြုန်းတီးမှုသာ ဖြစ်သည်ဟု ဆိုသည်။ 

Twitter အကောင့်တွင် လုပ်စရာရှိသည့် အလုပ်ကို လုပ်သွားမည်ဟု ဆိုသော်လည်း မည်သို့သော အလုပ်မျိုးလုပ်မည်ဟူသော အချက်ကို ထရမ့်က ထုတ်ဖော်ပြောဆိုမှု မပြုပေ။ 

အမေရိကန်အစိုးရ အရာရှိကြီးတစ်ဦးကမူ လတ်တလောအချိန်တွင် မြောက်ကိုရီးယားက ရန်စပြုမူမှုများသာ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ ပြုံယမ်းအစိုးရနှင့် စေ့စပ်ညှိနှိုင်းမှု ပြုလုပ်ရမည့် အချိန်မဟုတ်ဟု သမ္မတထရမ့်က ရှုမြင်ခြင်း ဖြစ်နိုင်ကြောင်း ပြောကြားသည်။ 

မြောက်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုအကြား သံတမန်လမ်းကြောင်းများ ထားရှိထားခြင်းမှာ မြောက်ကိုရီးယားက ဖမ်းဆီးထားသော အမေရိကန်နိုင်ငံသားများကိစ္စ ဆွေးနွေးရန် ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။ 

အမေရိကန်အစိုးရ အရာရှိကြီးများ၏ ထုတ်ဖော်ပြောဆိုမှုများနှင့် သမ္မတ ဒေါ်နယ်ထရမ့်က ယခုလို ဆန့်ကျင်ဘက် သဘောမျိုး ပြောဆိုခြင်းသည် ပထမဆုံးအကြိမ် မဟုတ်ပေ။ ပြီးခဲ့သည့် သြဂုတ်လ အတွင်းက အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက မြောက်ကိုရီးယားနှင့် တင်းမာမှုများကို လျှော့ချနိုင်ရန် ကြိုးပမ်းလျက်ရှိသည်ဟု အသိပေးပြောဆိုခဲ့ချိန်တွင်  သမ္မတထရမ့်က အမေရိကန်စစ်တပ်သည် မြောက်ကိုရီးယားကိစ္စကို ကိုင်တွယ်ရန် ကျည်ဆန်ဖြည့်ကာ အသင့်ပြင်ထားပြီ ဖြစ်သည်ဟု ဆိုခဲ့သည်။      

F-01