News

POST TYPE

NEWS

သီးနှံဈေး ကျဆင်းမှုကြောင့် တောင်သူများ အခက်ကြုံ
26-Sep-2017 tagged as သပိတ်ကျင်း

သပိတ်ကျင်း၊ စက်တင်ဘာ ၂၅

သီးနှံဈေးနှုန်းများ ကျဆင်းနေသောကြောင့် သပိတ်ကျင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ သီးနှံစိုက်ပျိုးသော တောင်သူများ အခက်ကြုံနေရကြောင်း ညောင်ပင်သာကျေးရွာ ဒေသခံ တောင်သူများက ပြောကြားသည်။

ပိုးဇာနွယ်နှင့် ကျောက်လှည်းဘီးဒေသတို့တွင် ပဲ၊ ပြောင်း၊ ဆန် အပါအဝင် သံပရာ၊ ဂရိတ်ဖု၊ ကမ္ဗလာ၊ လိမ္မော်သီးနှင့် သီးနှံမျိုးစုံ စိုက်ပျိုးပြီး လက်ကား ဈေးကွက်သို့ တင်ပို့ ရောင်းချနေသော်လည်း ဈေးကောင်း မရသောကြောင့် စိုက်ပျိုးထုတ်လုပ်မှု လျော့နည်းလာသည်ဟု ၎င်းတို့က ဆိုသည်။

“ဆန်နဲ့ပြောင်းဖူးက ဈေးကွက် အနေအထား မဆိုးပေမယ့် သံပရာ၊ ဂရိတ်ဖု စတဲ့ သစ်သီးဈေးကွက်က ထက်ဝက်မက ဈေးကျနေတယ်။ အရင်က မရောင်းဖူးတဲ့ ဖောက်သည်ဈေးတွေနဲ့ ရောင်းနေတာတောင် အရောင်းအဝယ် ဈေးကွက် တက်မလာဘူး ဖြစ်နေတယ်”ဟု ပိုးဇာနွယ်ကျေးရွာမှ စိုက်ပျိုးရေး တောင်သူ ဒေါ်နွဲ့ဗျာက ပြောကြားသည်။

လက်ရှိသစ်သီးရာသီ၌ သံပရာသီး တစ်လုံးလျှင် ခုနစ်ကျပ်မှ ၃၀ ကျပ်အထိသာ ဈေးရပြီး ဂရိတ်ဖုသီး တစ်လုံးလျှင် ၇၅  ကျပ်ခန့်သာ ရရှိကာ ဒေသထွက် ကမ္ဗလာသီး တစ်လုံးလျှင် ၁၅၀ ကျပ်ဖြင့် တင်ပို့နေရကြောင်း ၎င်းကရှင်းပြသည်။

သပိတ်ကျင်းဒေသထွက် သီးနှံများကို ရန်ကုန်၊ မန္တလေးနှင့် ရွှေဘိုမြို့ အပါအဝင် ဝယ်လိုအားကောင်းနိုင်သော မြို့နယ်များသို့ တင်ပို့ရောင်းချနေသော်လည်း ဝယ်လက် နည်းသောကြောင့်  အရှုံးနှင့် ရင်ဆိုင်နေရသည်ဟု  သီးနှံစိုက်  တောင်သူများက ပြောဆိုသည်။

R-05