News

POST TYPE

NEWS

သီလဝါ၌ ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ သန်းတစ်ထောင်ကျော်ရှိ

ရန်ကုန်၊ စက်တင်ဘာ ၂၅

မြန်မာနိုင်ငံ၏ ပထမဦးဆုံးလုပ်ငန်းများ စတင် လည်ပတ်နေသည့် အထူးစီးပွားရေးဇုန်တစ်ခုဖြစ်သော သီလဝါ အထူး စီးပွားရေးဇုန်၌ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ကျော်အထိ ရှိလာပြီဖြစ်ကြောင်း အဆိုပါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီထံမှ သိရသည်။

လက်ရှိအချိန်တွင် သီလဝါအထူး စီးပွားရေးဇုန် (ဇုန်အေ) ၌ ဂျပန်နိုင်ငံ အပါအဝင် နိုင်ငံတကာမှ ကုမ္ပဏီများ၏ စက်ရုံ ၈၅ ခုအထိ ရင်းနှီးမြှုပ်နှံထားပြီး ယင်းစက်ရုံထဲမှ ထက်ဝက်ခန့် လုပ်ငန်းများ စတင် လည်ပတ်နေပြီဖြစ်ကြောင်း သီလဝါ အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ အတွင်းရေးမှူး ဦးရွှေဟိန်းက ပြောကြားသည်။

“အခုက ရင်းနှီးမြှုပ်နှံမှုက အမေရိကန် ဒေါ်လာသန်း တစ်ထောင်ကျော်လောက် ရှိနေပြီ။ ထပ်အကောင်အထည်ဖော်နေတဲ့ဇုန်ဘီမှာ ရင်းနှီးမြှုပ်နှံတွေ ထပ်ဝင်လာနေတယ်”ဟု ၎င်းကရှင်းပြသည်။

လတ်တလော သီလဝါအထူးစီးပွား ရေးဇုန်တွင် လုပ်ငန်း လည်ပတ်နေမှုများတွင် အလုပ်အကိုင် အခွင့်အလမ်းပေါင်း တစ်သောင်းကျော်အထိ ဖန်တီးပေးထားနိုင်ပြီး နောက်ပိုင်းတွင် အလုပ်အကိုင် အခွင့်အလမ်းပေါင်း လေးသောင်းကျော်အထိ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

သီလဝါ အထူးစီးပွားရေးဇုန်၌ ရင်းနှီးမြှုပ်နှံလျက်ရှိသော လုပ်ငန်းများမှာ အထည်ချုပ်လုပ်ငန်း၊ သံမဏိ အဆောက်အအုံ ပစ္စည်းထုတ်လုပ်ခြင်း လုပ်ငန်း၊ ဘိလပ်မြေစက်ရုံ၊ ဆောက်လုပ်ရေးနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်သော စက်ရုံများ၊ စားသောက်ကုန်စက်ရုံများ၊ ဓာတ်မြေဩဇာ ထုတ်လုပ်ခြင်း၊ လယ်ယာသုံး စက်ပစ္စည်း ထုတ်လုပ်ခြင်းလုပ်ငန်းများ အပါအဝင် လယ်ယာ စိုက်ပျိုးရေး ဆက်စပ် လုပ်ငန်းများ၊ မော်တော်ယာဉ် တပ်ဆင်ခြင်းနှင့် မော်တော်ယာဉ် အပိုပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်းများ၊ ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်း ထုတ်လုပ်သည့်စက်ရုံတို့ဖြစ်ကြောင်း မြန်မာ သီလဝါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီလီမိတက် (MTSH) ထံမှ သိရသည်။

လက်ရှိအချိန်တွင် သီလဝါအထူး စီးပွားဇုန် (ဇုန်အေ) ကို အကောင်အထည်ဖော် တည်ဆောက်မှုသည် ၉၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ပြီး ဇုန်ဘီစီမံကိန်း၏ ဟက်တာ ၂၆၂ ခန့်ကို ဆက်လက် အကောင်အထည်ဖော်လျက်ရှိသည်။

J-01