News

POST TYPE

NEWS

ဒုတိယ အမြဲတမ်း အတွင်းဝန်ဟောင်း ဦးပြုံးချိုအမှု မိတ္တူစာချုပ်နှစ်စောင် ရုံးတော်က သက်သေခံအဖြစ် လက်ခံ

ရန်ကုန်၊ စက်တင်ဘာ ၂၅

ကျပ်သိန်းထောင်ချီ အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံထားရသော ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ အမြဲတမ်း အတွင်းဝန်ဟောင်းနှင့် ကရင်ပြည်နယ် အစိုးရအဖွဲ့မှ အတွင်းရေးမှူးဟောင်းဖြစ်သူ ဦးပြုံးချို အပါအဝင် ခြောက်ဦး အမှုနှင့်ပတ်သက်၍ တရားလိုဖြစ်သူက မိတ္တူစာချုပ် နှစ်စောင်ကို ရုံးတော်သို့တင်ပြခဲ့ရာ တရားစွဲဆိုခံရသူများဘက်မှ ရှေ့နေများက ဝိုင်းဝန်းကန့်ကွက်ခဲ့သော်လည်း တရားသူကြီးက သက်သေခံအဖြစ် တင်သွင်းမှုကို လက်ခံခွင့်ပြုလိုက်သည်။

စက်တင်ဘာလ ၂၅ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် ယင်းအမှု၏ တရားလိုဖြစ်သူ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ညွှန်ကြားရေးမှူး ဦးစိန်တင်ကို တတိယ အကြိမ်မြောက် စစ်ဆေးခဲ့ရာ ၎င်းက အမှုနှင့် တိုက်ရိုက် သက်ဆိုင်နေသည့် ငွေကြေးကိစ္စပါ မိတ္တူစာချုပ် နှစ်စောင်ကို ရုံးတော်သို့ သက်သေခံအဖြစ် တင်သွင်းခဲ့သည်။

အဆိုပါ မိတ္တူစာချုပ် နှစ်စောင်မှာ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ ခြံအမှတ် ၃၅(B) /၁၅ မြေဧရိယာ ဝ ဒသမ ၇၄၇ ဧကရှိ မြေကွက်ကိစ္စနှင့်ပတ်သက်ပြီး ကျပ်သိန်းထောင်ချီ အဂတိ လိုက်စားမှုကို စစ်ဆေးရာမှ အစစ်ဆေးခံရသူများ၏ တင်ပြခဲ့သည့် မူရင်းစာချုပ်များကို ဓာတ်ပုံမှတ်တမ်း ယူထားသော မိတ္တူများဖြစ်သည်။

မိတ္တူစာချုပ်များကို ရုံးတော်သို့ သက်သေခံ တင်ပြစဉ် တရားစွဲဆိုခံရသော ဦးပြုံးချို အပါအဝင် ငါးဦး၏ အကျိုးဆောင် ရှေ့နေများက ရှာဖွေပုံစံ (၃) ဖြင့် သိမ်းဆည်းခဲ့မှု မရှိခြင်း၊ သက်သေခံဥပဒေ ပုဒ်မ ၆၁ အရ မူရင်းကို သက်သေခံအဖြစ် တင်သွင်းရမည်ဖြစ်ပြီး မူရင်းမရှိမှသာ သက်သေခံဥပဒေ ပုဒ်မ ၆၃ အရ ဒုတိယ သက်သေခံအဖြစ် တင်သွင်းရမည်ဖြစ်ကြောင်း၊ ယခုစာချုပ်များမှာ သက်သေခံဥပဒေ ပုဒ်မ ၆၅ အရ ညီညွတ်မှုမရှိသောကြောင့် အဆိုပါ မိတ္တူစာချုပ် နှစ်စောင်ကို သက်သေခံအဖြစ် ရုံးတော်သို့ တင်သွင်းသည်ကို ကန့်ကွက်ခဲ့ရာ တရားသူကြီးက အဆိုပါ စာချုပ်မိတ္တူ နှစ်စောင်ကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ စစ်ဆေးခဲ့စဉ် တရားစွဲဆို ခံရသူများဘက်က မူရင်းစာချုပ်တို့ကို ပြသပေးအပ်ခဲ့သော်လည်း ငွေကြေး ကိစ္စစာချုပ်ဖြစ်နေ၍ မိတ္တူကိုသာ ရယူထားခဲ့ခြင်းဖြစ်ပြီး စာချုပ်များတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင်များ၏ လက်မှတ်များ ရေးထိုးထားပြီး သိမ်းဆည်းခဲ့ခြင်း ဖြစ်ကြောင်း၊ အမှုနှင့်သက်ဆိုင်သည့် ငွေကြေးကိစ္စ စာချုပ်မှာ မူရင်းရှိနေကြောင်း ထင်ရှားသဖြင့် သက်သေခံ ဥပဒေ ပုဒ်မ ၁၀၄ အရ မိတ္တူစာချုပ်ကို တင်ပြရခြင်းနှင့် သက်သေခံ ပုဒ်မ ၁၃၆ အရ တရားရုံးမှ အကြောင်းခြင်းရာ ထင်ရှားပါက အမှုနှင့် သက်ဆိုင်သည်ဟု ထင်မြင်ယူဆလျှင် လက်ခံရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသဖြင့် အဆိုပါ မိတ္တူနှစ်စောင်ကို ရုံးတော်က သက်သေခံအဖြစ် လက်ခံခွင့်ပြုလိုက်ကြောင်း တရားသူကြီးမှ စီရင်ချက် ချမှတ်ခဲ့သည်။

အဆိုပါ အမှုကို ဇူလိုင်လ ၂၅ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၌ စတင် တရားစွဲဆိုခဲ့ရာ ဦးပြုံးချိုကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ ဖြင့်လည်းကောင်း၊ ကျန် လေးဦးကို ယင်းဥပဒေပါ ပုဒ်မ ၅၆/၆၃ တို့ဖြင့်လည်းကောင်း တရားစွဲဆိုခဲ့ပြီး တရားလိုဖြစ်သူ ဦးစိန်တင်ကို ရုံးတော်တွင် စစ်ဆေးခဲ့ရာ ၎င်းက အမှုမှ သက်သေခံ စာရွက်စာတမ်း ၂၅ ခုကို တင်သွင်းခဲ့ပြီး လာမည့် အောက်တိုဘာလ ၂ ရက်နေ့ ရုံးချိန်းတွင် တရားလို ဦးစိန်တင်ကို တရားစွဲဆိုခံရ သူများဘက်မှ ရှေ့နေများက အပြန်အလှန် မေးခွန်းများ မေးမြန်းသွားမည်ဖြစ်ကြောင်း တရားလွှတ်တော်ထံမှ သိရသည်။

ကျပ်သိန်းထောင်ချီ အဂတိ လိုက်စားမှုတွင် ပါဝင်ခဲ့သော မော်လိုက်ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်ရဲသွေးမှာ လက်ရှိအချိန်ထိ ထွက်ပြေးလွတ်မြောက်လျက်ရှိပြီး ၎င်းကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆/ ၆၃ အပြင် တရားခံပြေး ပုဒ်မဖြင့်ပါ တရားစွဲဆိုထားကြောင်း ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ထံမှ သိရသည်။

S-03