News

POST TYPE

NEWS

သမ္မတထရမ့်ကို နိုင်ငံတော်ခရီးစဉ်အဖြစ် ဧည့်ခံဖို့မသင့်ဟု လန်ဒန်မြို့တော်ဝန် ပြောဆို
26-Sep-2017 tagged as ဗြိတိန်

လန်ဒန်၊ စက်တင်ဘာ ၂၅

ဗြိတိန်အနေနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို နိုင်ငံတော်ခရီးစဉ်အဖြစ် လက်ခံကြိုဆိုလျှင် မှားသွားလိမ့်မည် ဖြစ်ကြောင်းနှင့် အစ္စလာမ်များအပေါ် သမ္မတထရမ့်၏ အမြင်အချို့သည် အဆင်အခြင်မဲ့ကြောင်း လန်ဒန်မြို့တော်ဝန် ဆာဒစ်ခန်းက တနင်္ဂနွေနေ့က ပြောဆိုလိုက်သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။

ဆာဒစ်ခန်းနှင့် ထရမ့်တို့သည် အချေအတင် ငြိခဲ့ဖူးသည့် ဇာတ်လမ်းရှိသည်။ အမေရိကန်သမ္မတရွေးပွဲ မဲဆွယ်သည့် ကာလက အမေရိကန်ပြည်ထောင်စုသို့ မွတ်ဆလင်များ ဝင်ရောက်မှုကို ပိတ်ပင်မည့် ထရမ့်၏အဆိုကို ဝိုင်းဝန်းဝေဖန်ခဲ့ကြသူများထဲတွင် ခန်းလည်း ပါဝင်ခဲ့ပြီး ထရမ့်၏ အိုင်ဒီယာသည် အစွန်းရောက်များ၏ လက်တွင် အသုံးချခံရလိမ့်မည်ဟု ဝေဖန်ပြောကြားခဲ့သည်။

ထရမ့်က ဆာဒစ်ခန်းသည် ၎င်း၏ ကြေညာချက်အပေါ် ကရုဏာဖြင့် ခွင့်လွှတ်သည့်ပုံစံ လုပ်ပြနေသည်ဟု ပြန်လည်ဝေဖန်ခဲ့ပြီး ဇွန်လအတွင်းက တိုက်ခိုက်မှုများကြောင့် လမ်းများပေါ်တွင် ရဲအင်အား ပိုမိုဖြန့်ကြက်ထားခြင်းကို စိုးရိမ်သောက မရှိကြရန် လန်ဒန်လူထုကို တိုက်တွန်းပြောကြားခဲ့သည်။

ဘရိုက်တန်တွင် ကျင်းပသော အတိုက်အခံ လေဘာပါတီ၏ နှစ်ပတ်လည် ညီလာခံတွင် တက်ရောက်လာသူများကို အမှာစကား ပြောကြားခဲ့သော မြို့တော်ဝန်ခန်းက ဝန်ကြီးချုပ် ထရီဇာမေက စီစဉ်နေဆဲဟု ပြောကြားသော သမ္မတထရမ့်၏ နိုင်ငံတော် ခရီးစဉ်သည် မှားယွင်းသည်ဟု ၎င်းအနေနှင့် ယူဆကြောင်း  ပြောကြားခဲ့သည်။

“လူတွေက အဆင်အခြင်မဲ့ကြတယ်လို့ တစ်ခါတစ်ရံ တွေးမိပါတယ်။ သူတို့ကို အသိပညာပေးဖို့က ကျုပ်ရဲ့ အလုပ်ပါ” ဟု ဆာဒစ်ခန်းက ပြောဆိုခဲ့သည်။

ဆာဒစ်ခန်းသည် မွတ်ဆလင်များအပေါ် ထရမ့်၏ ပိတ်ပင်မှုကြောင့် သာမကဘဲ လန်ဒန်မြို့တော်ဝန်ကိုမူ ခြွင်းချက်ထားပေးမည်ဟု ပြောဆိုခံရခြင်းကြောင့် ပိုမိုဒေါသထွက်နေခြင်း ဖြစ်သည်။

“ပထမအချက်က ကျုပ်က ခြွင်းချက်ထားပေးစရာ မလိုပါဘူး။ ဒုတိယအချက်က ခင်ဗျားပြောနေတဲ့ စကားတွေဟာ IS တွေနဲ့ ဘာမှမထူးဘူးလို့ တွေးမိပါတယ်။ ကျုပ်က အနောက်တိုင်းသား တစ်ယောက်ပါ။ ဒါပေမဲ့ မွတ်ဆလင် ဖြစ်ရတာကိုလည်း ဂုဏ်ယူတဲ့သူပါ။ ကျုပ်တို့ လူ့အဖွဲ့အစည်းကို ခွဲပစ်ချင်တဲ့ လူအချို့ ရှိနေပါတယ်။ သူတို့ကို ကျုပ်ခွင့်မပြုနိုင်ပါဘူး” ဟု ဆာဒစ်ခန်းက ပြောကြားခဲ့သည်။

“အမေရိကန်သမ္မတက ကျုပ်တို့ သဘောမတူနိုင်တဲ့ အရာတွေကို ပြောတဲ့အခါ၊ လုပ်တဲ့အခါမျိုးတွေမှာ သူ့ကိုကြိုဆိုမယ့် နိုင်ငံတော်ခရီးစဉ်ဟာ မှားနေပြီ။ ကော်ဇောနီကို ပြန်လိပ်ရင် ကောင်းမယ်လို့ တွေးမိပါတယ်” ဟု ၎င်းက ဆိုသည်။

F-04