News

POST TYPE

NEWS

ဂျာမန်ရွေးကောက်ပွဲရလဒ်အရ အန်ဂလာမာကယ်လ်တို့ အနိုင်ရသော်လည်း စိတ်ဓာတ်ပိုင်းအရ လက်ယာစွန်း အစ္စလာမ် ဆန့်ကျင်ရေး AfD ပါတီ အောင်ပွဲခံ
25-Sep-2017 tagged as

ဘာလင်-ဖန်ရန့်ဖတ်၊ စက်တင်ဘာ ၂၅ 

ယမန်နေ့က ကျင်းပပြုလုပ်သည့် ဂျာမန်ဖက်ဒရယ် ရွေးကောက်ပွဲတွင် CDU/CSU မဲအများဆုံး ရရှိပြီး အနိုင်ရရှိသွားခြင်းကြောင့် အန်ဂလာမာကလ်လ် အနေနှင့် ဂျာမန်အဓိပတိအဖြစ် လေးကြိမ်မြောက် ဆက်လက်တာဝန်ထမ်းဆောင်ရမည် ဖြစ်သော်လည်း ယင်းရွေးကောက်ပွဲ၌ အမျိုးသားရေး အင်အားစုများ ဦးဆောင်ပြီး အစ္စလာမ်နှင့် ရွှေ့ပြောင်းအခြေချမှုများ ဆန့်ကျင်သော လက်ယာစွန်း AfD (Alternative for Deutscheland) က စံချိန်တင်လောက်အောင် ခေါင်းထောင်လာခဲ့ရုံမျှမက နှစ်ပေါင်း ၇၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ပါလီမန်လွှတ်တော်ထဲသို့ ဝင်ရောက်ခွင့် ရရှိသွားကြောင်း ဂျာမန်မီဒီယာများက ရေးသားဖော်ပြသည်။ 

ဂျာမန်ပြည်တွင်းမီဒီယာများ၏ ရေးသားဖော်ပြချက်အရ AfD ပါတီ လွှတ်တော်ထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်ခွင့် ရရှိသွားခြင်းသည် ဂျာမန်နိုင်ငံရေးလောက မြေငလျင် လှုပ်ခတ်ခြင်း ဖြစ်သည်ဟု ဆိုသည်။

စက်တင်ဘာလ ၂၅ ရက်နေ့ ရွေးကောက်ပွဲရလဒ်များအရ မာကယ်လ်၏ CDU ပါတီသည် မဲရာခိုင်နှုန်း ၃၃ ရာခိုင်နှုန်းဖြင့် အများဆုံး ရရှိခဲ့သော်လည်း ယင်းရလဒ်သည် နှစ်ပေါင်း ၇၀ ကာလအတွင်း ဆိုးရွားသော ရလဒ်တစ်ခု ဖြစ်သည်။ မာကယ်လ်၏ ပြိုင်ဘက် မာတင်ရှလ်ဇ်၏  SPD ပါတီမှာ ၂၀ ဒသမ ၅ ရာခိုင်နှုန်း ရရှိခဲ့သည်။ 

အထူးခြားဆုံးဖြစ်ရပ်မှာ အစ္စလာမ် ဆန့်ကျင်ရေးနှင့် ရွှေ့ပြောင်းအခြေလာသူများ လက်သင့်မခံရေး စသည့်တို့ကို အလေးပေးခဲ့သည့် လက်ယာအစွန်းရောက် အမျိုးသားရေးဝါဒ ရှိသော ဗီ် ပါတီသည် ယခုရွေးကောက်ပွဲတွင် ဂျာမနီ၏ တတိယ အင်အားအကြီးဆုံး နိုင်ငံရေးပါတီအဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ 

မဲရာခိုင်နှုန်း ၁၂ ဒသမ ၆ ရာခိုင်နှုန်း ရရှိခဲ့သော AfDအနေနှင့် ပထမဆုံးအကြိမ်အဖြစ် ဘွန်ဒါစတက် ပါလီမန်လွှတ်တော်ထဲသို့ ဝင်ရောက် နေရာရယူနိုင်ပြီဖြစ်ပြီး ယင်းအချက်သည် ဂျာမန်အဓိပတိ အန်ဂလာမာကယ်လ်၏ CDU ပါတီ၏ နိုင်ငံရေး မူဝါဒများအပေါ် ဂျာမန်ပြည်သူတို့၏ ထောက်ခံမှု ကျဆင်းလာမှုကို ပြသလိုက်ခြင်း ဖြစ်သလို လက်ယာစွန်း အမျိုးသားရေးဝါဒ အားကောင်းလာမှုကိုလည်း ဖော်ကျူးလိုက်ရာ ရောက်သည်။ 

P-23

  • TAGS