News

POST TYPE

NEWS

ရန်ကုန်မြို့တွင်း ၅ မြို့နယ်ရှိ ဈေးနှင့် ဆေးဆိုင်များကို စစ်ဆေးမည်
25-Sep-2017 tagged as

ရန်ကုန်၊ စက်တင်ဘာ ၂၅

ရန်ကုန်မြို့တော်ရှိ လမ်းမတော် အပါအဝင် မြို့တွင်း ၅ မြို့နယ်ရှိ ဈေးများနှင့် ဆေးဆိုင်များကို  စက်တင်ဘာလ ၂၅ ရက်မှ စတင်ကာ ရှောင်တခင် စစ်ဆေးမည် ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) မှ  တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

“တနင်္လာနေ့ကနေ သောကြာနေ့အထိ တောက်လျှောက်စစ်မယ်၊ ဒီနေ့တော့ ညောင်ပင်လေးဈေးမှာ စစ်တယ်၊ လမ်းမတော်မှာရှိတဲ့ ဆေးဆိုင်ငါးဆိုင်ကိုလည်း စစ်တယ်” ဟု ၎င်းက ပြောဆိုသည်။ 

စက်တင်ဘာလ ၂၅ ရက် နံနက်ပိုင်းတွင် လမ်းမတော်မြို့နယ်ရှိ ညောင်ပင်လေးဈေးနှင့် ဆေးဆိုင်ငါးဆိုင်ကို FDA က စစ်ဆေးခဲ့ပြီး အဓိက စားသောက်ကုန်များ ဖြစ်သည့် ရောနှောဆီ၊ ထောက်ခံချက် မရှိသည့် သောက်ရေသန့်၊ ငရုတ်သီးမှုန့်၊ ဖော်မလင် ပါဝင်နိုင်သည့် မုန့်ဖတ်၊ ခေါက်ဆွဲဖတ်များ၊ အရောင်အလွန်အကျွံ ဆိုးထားသည့် ဝက်အူချောင်းများ၊ နိုင်ငံခြားမှ တင်သွင်းသည့် အမှတ်တံဆိပ်ပြည့်စုံမှု မရှိသော အစားအသောက်များကို ဝယ်ယူစစ်ဆေးခဲ့ကြောင်း ယင်းဌာနထံမှ သိရသည်။ 

ထိုသို့ စစ်ဆေးရာတွင် ဆေးဆိုင်နှစ်ခု၌ မှတ်ပုံတင်ထားခြင်း မရှိသည့် ဆေးများရောင်းချနေသည်ကို တွေ့ရှိရပြီး ကြက်အူချောင်း၊ ဝက်အူချောင်းနှင့် ထောက်ခံချက် မရှိသော ဆီတစ်မျိုးကို ဓာတ်ခွဲခန်းသို့ ပို့ဆောင်ကာ စစ်ဆေးနေကြောင်း FDA ထံမှ သိရသည်။ 

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) အနေနှင့် ယခုလ ၁၉ ရက်နေ့တွင်လည်း ပါရမီစိန်ဂေဟာ ဈေးဝယ်စင်တာကိုလည်း ရှောင်တခင် စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်။

J-12

  • TAGS