News

POST TYPE

NEWS

လက်ကျန်နည်း၍ ဆန်ဈေး ဆက်တက်
25-Sep-2017 tagged as ဆန်

ရန်ကုန်၊ စက်တင်ဘာ ၂၅

ဈေးနှုန်းဆက်တိုက်မြင့်နေသော ဆန်ကြမ်းဈေးနှုန်းများသည် လက်ကျန်နည်းခြင်းကြောင့် ဆက်တက်လာပြီး အကျဈေးဖြင့် ငြိမ်နေသော ဆန်ချောများလည်း ဈေးပြန်တက်ကြောင်း ဘုရင့်နောင်နှင့် ဝါးတန်းဆန်ဈေးကွက် အတွင်းမှ သိရသည်။

ဆန်ကြမ်းဈေးနှုန်းသည် ပြီးခဲ့သည့် အပတ်ကထက် တစ်အိတ်လျှင် ကျပ် ၅၀ဝ မှ ၂၃၀ဝ ခန့်နှင့် ဆန်ချောတစ်အိတ်လျှင် ကျပ် ၅၀ဝ မှ ၂၀ဝ၀ အထိ မြင့်တက်လာခြင်း ဖြစ်ကြောင်း ယင်းဈေးကွက်များ အတွင်းမှ သိရသည်။ 

“ဒီရက်ထဲ သင်္ဘောတင် များနေတယ်။ အဓိကက Demand (ဝယ်လိုအား) များပြီး လက်ကျန်နည်းချိန် ရောက်လာလို့ပါ” ဟု ဆန်ကုန်သည် ဦးအောင်မြင့်က ပြောဆိုသည်။

ယခုရက်ပိုင်းအတွင်း ပြည်ပသို့ တင်ပို့ရန် သင်္ဘောတင်မှု များပြားနေသည့် အတွက် ဈေးဆက်လက်မြင့်တက်နိုင်ခြေ ရှိပြီး လက်ကျန်နည်းသော်လည်း ပြတ်လပ်နိုင်ခြေ မရှိဘဲ ဆန်သစ်ပေါ်ချိန်အထိ အရောင်းအဝယ် ပြုလုပ်နိုင်မည့် ပမာဏ ကျန်ရှိနေသေးကြောင်း ၎င်းက ဆိုသည်။

လတ်တလော ဆန်ကြမ်းအမျိုးအစား စပါးအချို့သည် ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းမှ စတင်ထွက်ပေါ်နေပြီဖြစ်ပြီး အောက်တိုဘာလလယ်ခန့်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထွက်ရှိလာမည် ဖြစ်ကာ ဆန်ချောမှာ အောက်တိုဘာလကုန်ပိုင်း၌ ထွက်ရှိမည် ဖြစ်ကြောင်း စပါးစိုက် တောင်သူများထံမှ သိရသည်။

ဆန်ဈေးကွက်အတွင်း ဆန်ချောဈေးနှုန်းများတွင် ဖျာပုံပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၃၃,ဝ၀ဝ မှ ၃၅,ဝ၀ဝ ထိ၊ ဒေးဒရဲပေါ်ဆန်း တစ်အိတ်လျှင် ၃၃,၅၀ဝ မှ ၃၅,ဝ၀ဝ ထိ၊ မြောင်းမြ။ပုသိမ်ပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၃၄,ဝ၀ဝ မှ ၃၇,ဝ၀ဝ ထိနှင့် ပေါ်ဆန်းနယ်စုံ တစ်အိတ်လျှင် ကျပ် ၃၂,ဝ၀ဝ မှ ၃၄,ဝ၀ဝ ထိရှိပြီး ဆန်ကြမ်းဈေးနှုန်းတွင် ဧည့်မထမိုးဆန် တစ်အိတ်လျှင် ကျပ် ၂၁,၅၀ဝ မှ ၂၂,၅၀ဝ ထိ၊ ဧည့်မထ (၂၅ မှတ်) တစ်အိတ်လျှင် ကျပ် ၂၁,ဝ၀ဝ မှ ၂၁,၅၀ဝ ထိ၊ နွေသီး ထပ်ရှယ် တစ်အိတ်လျှင် ကျပ် ၂၃,ဝ၀ဝ မှ ၂၃,၃၀ဝ ထိနှင့် နွေရက် ၉၀ ဆန် တစ်အိတ်လျှင် ကျပ် ၂၄,ဝ၀ဝ မှ ၂၄,၅၀ဝ ထိ ဈေးရှိကြောင်း ဆန်ဈေးကွက်အတွင်းမှ သိရသည်။

S-04