News

POST TYPE

NEWS

တရုတ်အစိုးရက မြန်မာအလုပ်သမား ၂၅၀ ကျော် ပြန်လွှဲ
25-Sep-2017 tagged as မြန်မာ တရုတ်

မူဆယ်၊ စက်တင်ဘာ၂၅ 

တရုတ်နိုင်ငံတွင် နေထိုင်ခွင့် လက်မှတ်အထောက်အထား မရှိသည့် မြန်မာအလုပ်သမား ၂၅၀ ကျော်ကို စက်တင်ဘာလ ၂၄ ရက်နေ့က မူဆယ်မြို့ရှိ မြန်မာ- တရုတ် နှစ်နိုင်ငံ ဝင်ထွက်ဂိတ် ရွှေနန်းတော်ဂိတ်တွင် လွှဲပြောင်းပေးခဲ့ကြောင်း မူဆယ်မြို့၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။ 

အဆိုပါ လွှဲပြောင်းပေးခဲ့သည့် အလုပ်သမားများမှာ တရုတ်နိုင်ငံအတွင်း နေထိုင်ခွင့် လက်မှတ်အထောက်အထား မရှိသည်ကို ရွှေလီရဲဌာနက စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ပြီး ယင်းအလုပ်သမား ၂၅၇ ဦးအနက် အမျိုးသား ၂၁၅ ဦးနှင့် အမျိုးသမီး ၄၂ ဦး ပါဝင်ကြောင်း အဆိုပါဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

“ရွှေလီမြို့ထဲ အလုပ်ရုံတစ်ခုမှာ လက်သမားအလုပ်ကို နေ့စားလုပ်တာပါ။ တရုတ်ရဲက ဖမ်းလိုက်တာ ထောင်ထဲပို့လိုက်လို့ သုံးလလောက် နေခဲ့ရတယ်။ ဘာပြောမှန်းမသိ ဘာကြောင့်မှန်းမသိ ဖြစ်ခဲ့ရတာ။ ရွာကမိသားစုနဲ့ အဆက်အသွယ်ပြတ်သွားတော့ စိတ်ပူကြတာပေါ့” ဟု ယင်းနေ့က လွှဲပြောင်းရာတွင် ပါဝင်ခဲ့သည့် အလုပ်သမားတစ်ဦးဖြစ်သည့်  ဦးရွှေဦးက ပြောဆိုသည်။

တရုတ်နိုင်ငံရှိ စိုက်ပျိုးရေးခြံများ၊ စက်မှုလက်မှု လုပ်ငန်းများတွင် လုပ်ခလစာကို တရုတ်ယွမ်ငွေဖြင့် ရရှိမှုကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမား အများစု သွားရောက်အလုပ်လုပ်ကိုင်လေ့ ရှိကြောင်း ဒေသခံများက ပြောကြားသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား မြန်မာရွှေ့ပြောင်း အလုပ်သမားများကို ပြန်လည်လွှဲပြောင်းပေးမှုကို နှစ်နိုင်ငံအကြား ပြုလုပ်လေ့ရှိရာ လွှဲပြောင်းမှု လေးကြိမ်မြောက်ရှိပြီ ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။ 

R-07