POST TYPE

NEWS

Water Bus တွင် ခရီးသည် ၁၀ဝ ဝန်းကျင်သာ ခွင့်ပြု
25-Sep-2017 tagged as Water Taxi

ရန်ကုန်၊ စက်တင်ဘာ ၂၅

ရန်ကုန်မြစ်အတွင်း ပြေးဆွဲမည့် Water Bus တွင် ခရီးသည် ၁၀ဝ ဝန်းကျင်သာ ယာယီတင်ဆောင်ခွင့် ပြုလိုက်ကြောင်း ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

အဆိုပါ Water Bus သည် ပြည်တွင်း၌ တည်ဆောက်ထားသော ရေယာဉ်များဖြစ်ပြီး ပြေးဆွဲမည့် ကုမ္ပဏီဘက်မှ တစ်စင်းလျှင် ခရီးသည် ၁၅၀ ဦး တင်ဆောင်နိုင်မည်ဟု အဆိုပြုတင်ပြထားကြောင်း၊ စက်တင်ဘာလ ၁၀ ရက်က တွံတေးတူးမြောင်းအတွင်း စမ်းသပ်မောင်းနှင် စစ်ဆေးမှုအရ ခရီးသည် ၁၀ဝ ခန့်သာ တင်ဆောင်နိုင်ခြင်း ဖြစ်ကြောင်း ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (အင်ဂျင်နီယာဌာနခွဲ) မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“အခုက လူ ၁၀ဝ ကို အခြေခံသတ် မှတ်ထားတယ်။ ကုမ္ပဏီက တင်ပြတဲ့ ၁၅၀ ဦးတော့ လက်မခံဘူး။ အများဆုံး ၁၀ဝ ကျော်တော့ ရှိမယ်” ဟု ၎င်းက ဆိုသည်။

ပြည်တွင်း၌ တည်ဆောက်ထားသည့် Water Bus ဆယ်စီးတွင် ခုနစ်စီးသာ စစ်ဆေးမှု အောင်မြင်ခဲ့ပြီး ကျန်သုံးစီးကို လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်စေခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ခရီးသည်များ၏ လုံခြုံရေးအတွက် Water Bus တွင် သတ်မှတ်ဦးရေသာ တင်ဆောင်ခွင့်ပြုမည် ဖြစ်ကြောင်း၊ လက်ရှိ တင့်တင့်မြန်မာ ကုမ္ပဏီနှင့် ဆွေးနွေးလျက်ရှိကြောင်း ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမူဦးစီးဌာန (အင်ဂျင်နီယာဌာနခွဲ) မှ တာဝန်ရှိသူက ပြောကြားသည်။

“ခရီးသည် အများကြီးတင်ရင် လုံခြုံရေးအတွက် အန္တရာယ် ရှိနိုင်တယ်။ ကွေ့ကြောတွေမှာ မောင်းနေကျသူပဲ လမ်းကြောင်းနားလည်နိုင်မယ်။ အမြန်ရေယာဉ်လို့ သတ်မှတ်ထားတော့ Safely အတွက် ဂရုစိုက်မှရမယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိ ပြည်ပမှ တင်သွင်းလာသည့် ရေယာဉ် နှစ်စင်းကို ကုမ္ပဏီဘက်က လုံခြုံရေးအပိုင်း၊ တင်ဆောင်နိုင်မည့် ခရီးသည်ဦးရေနှင့် ပတ်သက်၍ ဆောင်ရွက်ရန် တင်ပြထားခြင်း မရှိသေးသဖြင့် စစ်ဆေးချက်များ ဆောင်ရွက်ခြင်း မရှိသေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ထိုင်းနှင့် ဩစတေးလျားနိုင်ငံထုတ် သင်္ဘောခြောက်စင်း ဝယ်ယူထားကာ ဩစတေးလျနိုင်ငံထုတ် ရေယာဉ်နှစ်စင်းနှင့် ပတ်သက်၍ လက်ရှိ လုပ်ငန်းလိုင်စင် ရရှိရန် ဆောင်ရွက်လျက်ရှိပြီး ကျန်သင်္ဘောများ အမြန်ဆုံး ရောက်ရှိရန်လည်း စီစဉ်နေကြောင်း တင့်တင့်မြန်မာ ကုမ္ပဏီထံမှ သိရသည်။

စက်တင်ဘာလ ၂၄ ရက်က ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်အတူ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ အကြီးအကဲများ Yangon Water Bus ကို လိုက်ပါစီးခဲ့နင်းပြီး ပြည်သူများအတွက် အကောင်းဆုံး ဝန်ဆောင်မူပေးရန်နှင့် လိုအပ်သည်များကို ဝန်ကြီးချုပ်က မှာကြားလမ်းညွန်ခဲ့ ကြောင်း Yangon Water Bus Page တွင် ဖော်ပြချက်အရ သိရသည်။

ရေကြောင်းတက္ကစီကို ၂၀၁၇ ခုနှစ်၊ မေလတွင် စတင်ပြေးဆွဲမည်ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့  အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားခဲ့သော်လည်း ယနေ့အထိ ပြေးဆွဲနိုင်ခြင်း မရှိပေ။            

J-06