News

POST TYPE

NEWS

တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်အမျိုးအစားသစ် အီရန်စမ်းသပ်ပစ်လွှတ်

ဒူဘိုင်း၊ စက်တင်ဘာ ၂၄

အမေရိကန်ပြည်ထောင်စုက နျူကလီးယား လက်နက်ကိစ္စနှင့်ပတ်သက်၍ ဖိအားပေးမှုများ အဆက်မပြတ် ပြုလုပ်လျက်ရှိသော်လည်း အီရန်နိုင်ငံသည် စနေနေ့က တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်လွှတ်လိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။

အဆိုပါ ဒုံးကျည်သည် ကီလိုမီတာ ၂၀ဝ၀ (မိုင် ၁၂၀ဝ) အကွာအဝေးအထိ ရောက်ရှိနိုင်သော ဒုံးကျည် အမျိုးအစားသစ် ဖြစ်ပြီး Khorramshahr ဟုအမည်ရကြောင်း သတင်းကဆိုသည်။ 

“အီရန်သည် အစ္စရေးနိုင်ငံထိရောက်အောင် ပစ်လွှတ်နိုင်သည့် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ခဲ့သည်။ ယင်းအီရန်များသည် မြောက်ကိုရီးယားတို့နှင့်လည်း ပူးပေါင်းကာ လက်နက်ထုတ်လုပ်ရေးကိစ္စများ လုပ်ကိုင်လျက်ရှိသည်”ဟု အမေရိကန်သမ္မတထရမ့်က Twitter အကောင့်တွင် ရေးသားသည်။
 
အဆိုပါ အချက်ကိုကြည့်လျှင် ယခင် သမ္မတအိုဘားမားလက်ထက်က အီရန်တို့နှင့် ရယူနိုင်ခဲ့သော နျူကလီးယား သဘောတူညီချက်တွင် အားနည်းချက်များ ရှိနေသည်ဟူသော အချက်ကို တွေ့မြင်နိုင်ကြောင်း အိုဘားမားကဆိုသည်။ 

အီရန်နိုင်ငံပိုင် ရုပ်သံ IRIB က ယင်းပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုကို ထုတ်လွှင့်ပြသခဲ့သော်လည်း မည်သည့်နေရာတွင် မည်သည့်အချိန်က စမ်းသပ်ခဲ့သည်ဟူသောအချက်ကို ဖော်ပြမှု မပြုပေ။ အဆိုပါ ဒုံးကျည်သည် ထိပ်ဖူးမျိုးစုံကို သယ်ဆောင်နိုင်သော ဒုံးကျည် အမျိုးအစားဖြစ်သည်ဟု IRIB က ဖော်ပြသည်။ 

“Khorramshahr အမျိုးအစား ပဲ့ထိန်းဒုံးကျည် အောင်မြင်စွာ ပစ်လွှတ်နိုင်မှုကို သင်တို့အနေနှင့် တွေ့မြင်နေခြင်းဖြစ်သည်၊ ယင်းဒုံးကျည်သည် ကျွန်ုပ်တို့ တိုင်းပြည်က နောက်ဆုံး တီထွင်ဆန်းသစ်လိုက်သော ဒုံးကျည်ဖြစ်သည်”ဟု IRIB က ဖော်ပြသည်။ 

အဆိုပါ ဒုံးကျည်ကို သောကြာနေ့က ပြုလုပ်ခဲ့သည့် အီရန်စစ်ရေးပြအခမ်းအနားတွင် ထုတ်ဖော်ပြသခဲ့ပြီး သမ္မတ ဟတ်ဆန်ရိုဟာနီက အီရန်အနေနှင့် ဒုံးကျည် ထုတ်လုပ်မှုစွမ်းရန်ကို မြှင့်တင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ 

ယင်းဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုအပေါ် ဗြိတိန်နိုင်ငံက စိုးရိမ်မိသည်ဟု ထုတ်ဖော်ပြောကြားသည်။ 

“အီရန်နိုင်ငံက ဒုံးကျည်စမ်းသပ်မှုတွေ လုပ်တယ်ဆိုတဲ့ သတင်းပေးပို့ချက်တွေကြောင့် ကျွန်တော်တို့ အလွန်အမင်းပင် စိုးရိမ်ပူပန်မိပါသည်။ အဆိုပါ လုပ်ဆောင်ချက်သည် ကုလသမဂ္ဂ ဆုံးဖြတ်ချက်မူ  ၂၂၃၁ နှင့် ကိုက်ညီမှု လုံးဝမရှိပါ။ အီရန်အနေနဲ့ ရန်စပြုမူတဲ့ လုပ်ဆောင်ချက်တွေ ရပ်ဆိုင်းဖို့ တိုက်တွန်းပါတယ်”ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်က ပြောကြားသည်။ 

ပြင်သစ်နိုင်ငံကလည်း ယင်းကိစ္စအပေါ် အထူးပင် စိုးရိမ်ကြောင်း ပြောကြားပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဂူတာရီစ်အနေနှင့် အဆိုပါ ဒုံးကျည်ပစ်လွှတ်မှုနှင့်ပတ်သက်၍ ပြီးပြည့်စုံသည် အစီရင်ခံစာတစ်ရပ် ပြုလုပ်ရန် တိုက်တွန်းထားသည်။

F-01