News

POST TYPE

NEWS

တောင်ငူတွင် လျှပ်စစ်မီတာ လျှောက်ထားသူ ၄၀ဝ မီတာမရ
တောင်ငူ၊ စက်တင်ဘာ၂၄

တောင်ငူမြို့နယ်တွင် ရပ်ကွက် ကျေးရွာပေါင်း ၆၄ ခုမှ အိမ်သုံးလျှပ်စစ် မီတာလျှောက်ထားသူ ၄၀ဝ နီးပါးရှိသော်လည်း သုံးလနီးပါး ကြာသည်အထိ မီတာ မတပ်ဆင်ပေးနိုင်သေးကြောင်း အဆိုပါ မြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းထံမှ စုံစမ်းသိရသည်။ 

ယခင်ပစ္စည်းရှိပါက နှစ်ရက်မှ တစ်ပတ်အတွင် မီတာပုံး တပ်ဆင်ပေးနိုင်သော်လည်း ယခုအခါ တောင်ငူမြို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးရုံးတွင် အိမ်သုံးမီတာများ ပြတ်လပ်နေ၍ လျှောက်ထားသူများကို  မီးတာ မတပ်ပေးနိုင်သည်မှာ လနှင့်ချီ ကြာနေရခြင်းဖြစ်ကြောင်း၊ ယင်းရုံးထံမှ သိရသည်။     

“တိုင်းရုံးမှာကို မီတာပုံးမရှိတဲ့အတွက် တောင်ငူမှာလည်း မီတာ မရောက်သေးပါဘူး။ လက်ရှိ သိထားတာက လျှပ်စစ်မီတာ တင်ဒါ အောင်မြင်ထားတဲ့ လုပ်ငန်းရှင်က ပစ္စည်းသွင်းဖို့ နောက်ကျနေတာလို့တော့ သိရပါတယ်”ဟု အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။ 

အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားသူများ အနေနှင့် ယခင်က သတ်မှတ်ထားသည့် လျှောက်လွှာပုံစံကို ကျပ်တစ်ထောင်ဖြင့် ဝယ်ယူ လျှောက်ထားရကြောင်း၊ ယင်းနောက် မီတာတပ်ဆင်ရန် ကွင်းဆင်းတိုင်းတာ စစ်ဆေးပြီးပါက နောက်တစ်ရက်တွင်ပင် သတ်မှတ်ငွေကြေးပေးသွင်း တပ်ဆင်နိုင်ကြောင်း ဒေသခံများထံမှ သိရသည်။ 

“အိမ်မှာလည်း လျှပ်စစ်အသုံးများလို့ မီတာ နောက်တစ်လုံး လျှောက်ထားတာ နှစ်လကျော် သုံးလလောက် ရှိပြီ။ ပြီးခဲ့တဲ့ ဆယ့်လေးငါးရက်ကတော့ မီတာတပ်ဖို့ အကွာအဝေးနဲ့ မီတာစစ်ဆေးတဲ့ ကောင်လေးတွေလာပြီး ဓာတ်တိုင်နဲ့ အိမ်အကွာ အဝေး လာစစ်သွားလို့ လက်မှတ်ထိုးပြီး ၅၀ဝ၀ ပေးလိုက်ရတယ်”ဟု တောင်ငူမြို့ အမှတ်၂၂ ရပ်ကွက်မှ မီတာလျှောက်ထားသူ အမျိုးသားကြီးတစ်ဦးက ပြောကြားသည်။

အိမ်တွင်းသုံး မီတာ တပ်ဆင်လိုသူများအနေနှင့် မှတ်ပုံတင် မိတ္တူ ၊ ရပ်ကွက်ထောက်ခံစာ၊ အိမ်ထောင်စုစာရင်း မူရင်းနှင့် မိတ္တူတို့ဖြင့် မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးရုံးများတွင် လျှောက်လွှာဝယ်ယူကာ လျှောက်ထားနိုင်ကြောင်း၊ တပ်ဆင်ပြီး ကုန်ကျစရိတ်မှာ ကျပ်တစ်သိန်းကျော်ရှိပြီး ယင်းကုန်ကျမှုတွင် သွယ်တန်းသော လျှပ်စစ်ဝါယာကြိုးဖိုး မပါကြောင်း တောင်ငူမြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးရုံးထံမှ သိရသည်။

R-15